လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်
ဗန်းမော်ခရိုင် ဂိုင်ဒေါကျေးရွာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ (၃) ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရှေ့ပိုင်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော တရားခံ ၃ ဦးကို စစ်ဆေးရာတွင် သူတို့ကိုယ်တိုင် လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်ပြစ်ဒဏ်စီရင်ခဲ့ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးအင်ဖန်နော်ဘူ က ပြောသည်။
“သူတို့ကိုယ်တိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဝန်ခံတယ်။ လွန်ခဲ့တဲ့ အချိန်တွေမှာလည်း လူ ၄ ယောက်ကို သတ်လိုက်ပြီ၊ သူတို့သတ်လိုက်တဲ့လူ ၉ ဦး ရှိပြီ။ ဒါကြောင့် သူတို့လူသတ်တာ သေချာမှန်ကန်ပြီး သူတို့ကိုယ်တိုင် ဝန်ခံပြီဖြစ်တဲ့အတွက် KIO အရှေ့ပိုင်ခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် စီရင်ခဲ့တယ်” ဟု KNG ကိုပြောသည်။
ဗန်းမော်ခရိုင် မန်စီမြို့နယ် ဂိုင်ဒေါကျေးရွာ၌ ဇူလိုင်လ ၂ ရက်နေ့ည မိသားစုဝင် ၅ ဦးဖြစ်သည့် ဒေါ်ယမ်ထု (အသက်(၇၀)၊ ဦးယာကုလန်ဇိန်တန်ဂွန်(ဖခင်)၊ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန် (မိခင်)၊ မောင်လန်ဇိန်ဆန်လီနော်၊ မောင်လန်ဇိန်ဒွဲဆန်အောင် တို့ ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
လူသတ်မှုဖြစ်ပွားခဲ့သည့် အဓိကပြဿနာအကြောင်းအရင်းမှာ ဘိုးဘေးစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုကြောင့်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။
လယ်ယာမြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး တရားခံတစ်ဦးသာ ပါဝင်သော်လည်း လူသတ်ရာတွင်မူ တစ်ဦးတည်းမဟုတ်ကြောင်း ပြောသည်။
ဇူလိုင် ၂ရက်နေ့ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၃ ရက်နေ့တွင် တရားခံ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၃ ဦးကို၂၀၂၀ စက်တင်ဘာလ ၂၈ ရက်နေ့ KIO အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။
#Photo – RVA