Covid-19 Reportingသတင်း

ဖားကန့် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်း မဖြုတ်သေး

ကချင်ပြည်နယ်က ပိုးတွေ့လူနာအများဆုံးရှိသော ဖားကန့်မြိုနယ် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်းဖြုတ်ပေးရန် တောင်းဆိုမှုရှိနေသော်လည်း ဖြုတ်ပေးရန်အစီစဉ်မရှိသေးကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ တောင်ပြိုဒေသခံများက လောဒ့်ဒေါင်းဖြုတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း လက်ရှိချိန်တွင် ရောဂါဖြစ်ပွားမူနူန်းဆက်လက်ရှိနေသေးသည့်အတွက်ဖြေလျော့ရန်ပေးနိုင်ခြင်းမရှိသေးကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ကျန်းမာရေးဌာနရဲ့ပြောကြားချက်အရတော့ တောင်ပြိုရွာရဲ့ Positive ဖြစ်ပွားမှုနူန်းက မြင့်နေသေးတယ်လို့ သိရတယ်။ နောက်ဆုံးတွေ့ထားတဲ့ ၃ယောက်ကလည်း တောင်ပြိုကဘဲဖြစ်နေသေးတယ်။ ခုလောလောဆယ် အဲရွာကဘဲ ၄၇ ယောက်ကိုလည်း Swab ယူပြီး စစ်ဆေးဖို့လုပ်နေတယ်။ အဲအဖြေကလည်း မသိရသေးဘူး။ ကျန်းမာရေးဌာနရဲ့စံနှုန်းအရဆိုရင် ဆက်တိုက် ၂ပတ်တိတိ စစ်ဆေးလို့မတွေ့ရှိဘူးဆိုရင်တော့ နှုန်းပြန်လျော့ကျမယ်။ နောက်ထပ် ၁ပတ်လောက်စောင့်ပြီး နှုန်းကျသွားတယ်ဆိုရင်တော့ ဖြေလျော့ပေးလို့ရမယ်။ လောလောဆယ်မှာတော့ဖြေလျော့လို့မရနိုင်သေးဘူး။” ဟု ပြောသည်။

တောင်ပြိုကျေးရွာတွင် Covid-19 ပိုးတွေ့ရှိသူများလာသည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့မှစကာ လောဒ့်ဒေါင်းချမှတ်ထားသည်မှာ ၁လကျော်ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိအခြေနေထိ ပိုးတွေ့လူနာ ၇၅ ဦးတွေ့ရှိခဲ့သည့်ကျေးရွာဖြစ်ပြီး ကချင်ပြည်နယ်ထဲတွင် ပိုးတွေ့လူနာအများဆုံး ကျေးရွာဖြစ်သည်။

လောဒ့်ဒေါင်းချမှတ်ထားသည့်ကာလ ကြာမြင့်လာသည့်အတွက် ဒေသခံများ သွားလာစားသောက်ရေးကိစ္စွတွင် ခက်ခဲများစွာကြုံတွေ့လာကြရသည်။

“ဒေသခံတွေ ခက်ခဲနေမယ်ဆိုတာသိတယ်။ ကျနော်တို့လည်းကျန်းမာရေးအရလုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးဝယ်တာ ကျန်းမာရေးကိစ္စတွေကိုတော့ ခွင့်ပြုပေးထားတယ်။ အရေးကြီးကိစ္စသွားမယ်ဆိုရင်တော့ ကားနဲ့စီစဉ်ပေးထားပါတယ်။ ပြီးတော့ သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့သူတွေကို အဆင့်ဆင့်ဆက်သွယ်ပြီးတော့ သွားလာခွင့်ပြုထားပါတယ်။ ကျနော်တို့ဒီလိုလုပ်ရတာကလည်းအားလုံးကောင်းဖို့လုပ်တာဖြစ်ပါတယ်။” ဟု တောင်ပြိုကျေးရွာတာဝန်ခံ ဦးသန်းရွှေကပြောသည်။

တောင်ပြိုကျေးရွာသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပထမအကြိမ် လောဒ့်ဒေါင်းအဖြစ်သတ်မှတ်ထားပြီးနောက် ပိုးတွေ့လူနာထပ်တိုးလာသည့်အတွက် လောဒ့်ဒေါင်းသတ်မှတ်ရက်အား စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအကြိမ်လောဒ့်ဒေါင်းနယ်မြေအဖြစ် ထပ်မံတိုးခဲ့ကာလောဒ့်ဒေါင်းချမှတ်ထားသည့် ရက်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့ထိ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ပိုးတွေ့လူနာပေါင်း ၈၄ ဦးရှိခဲ့ပြီး တစ်ပြည်နယ်လုံးတွင် ပိုးတွေ့လူနာ ၁၂၆ ဦးရှိခဲ့သည်။ ဆေးရုံဆင်းခွင့်ရသူပေါင်း ၁၂၀ ဦးရှိခဲ့သည်။ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မိုးညှင်းမြို့နယ်မှ ထပ်တိုး တစ်ဦးရှိသည်။

 

Show More

Related Articles

Back to top button