ရွေးကောက်ပွဲဆိုင်ရာသတင်း

ခွင့်ပြုချက်မရှိဘဲ မဲဆွယ်ခဲ့သည့် ဖားကန့် NLD ကိုယ်စားလှယ်လောင်းကို USDP ကိုယ်စားလှယ်လောင်းက တိုင်းကြား

Stay at home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် မဲဆွယ်ခဲ့သည့် NLD ပါတီကိုယ်စားလှယ်လောင်း ဦးတင့်စိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်လောင်း က ဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့မှစကာ Stay at home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦတင့်စိုးက မဲဆွယ်ခဲ့သည့်အတွက် USDP ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်ဂမ် မှ တိုင်ကြားခဲ့ပြီး အဆိုပါ တိုင်ကြားမှုကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဖြေရှင်းပေးခဲ့သော်လည်း ကျေနပ်မူမရှိသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားသွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်းဂမ်က ခုလိုပြောသည်။

“ မဲ မဆွယ်ရဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ကြားမှာကို သူတို့မဲဆွယ်တယ်။ ရပ်ကျေး နမ့်စီးအောင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ပါဝင်တယ်။ ခေါင်းစဉ် ၃ခုနဲ့ညှိတယ်။ နံပါတ် ၁ Covid-19 ၊ နံပါတ် ၂ တရားမဲ့ပြုကျင့်မူ နံပါတ် ၃ က ရပ်ကျေးပါဝင်တာဖြစ်တဲ့အတွက် တရားမဲ့ပြုကျင့်တာက ဒီမှာတင်မပြီးနိုင်ဘူး။ ဒီက ဆုံးဖြတ်တာလည်း ကျနော်လက်မခံနိုင်ဘူး လို့ ပြောခဲ့ပြီးဖြစ်တယ်။ ရွေးကောက်ပွဲအရာရှိနဲ့ ဥပဒေအရာရှိကပြောတယ်။ ဒါက ရွေးကောက်ပွဲတရားပြုကျင့်မှု မြောက်တယ်ဆိုပြီးပြောတယ်။ ပြီးတော့ NLD ပါတီဥက္ကဌကို နောက်တစ်ခါထပ်မလုပ်ဖို့ ခံဝန်ကတိရေးထိုးခိုင်းတယ်။ ကျနော်တို့ကတော့ တရားမဲ့ပြုကျင့်မှုမြောက်တဲ့အတိုင်းဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။” ဟု USDP ပါတီမှ ဖားကန့်မြို့နယ် ပြည်နယ် (၁) ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်းဂမ် က ပြောသည်။

ယခုကိစ္စကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ခံဝန်ကတိနှင့်ပဲ အဆုံးသတ်လိုက်သဖြင့် မကျေနပ်ဘဲ ရွေးကောက်ပွဲအပြီး ရက်၄၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ထပ်မံတိုင်ကြားသွားမည်ဖြစ်ကြောင်း ဦးအင်ဖရောင်းဂမ်က ပြောသည်။

“ဦးတင့်စိုးတို့က NLD ပါတီအနေနဲ့ခွင့်ပြုချက်မဲ့ မဲဆွယ်စည်းရုံးမှုမြောက်တယ်။ ကျနော်တို့က နောင်မလုပ်ဖို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးအကြောင်းကြားစာနဲ့ သတိပေးမှတ်တမ်းတွေ လုပ်လိုက်တယ်။ ကျနော်တို့မြို့နယ်ကော်မရှင်အနေနဲ့တော့ ဒီအဆင့်ထိဘဲလုပ်ပေးလို့ရမယ့် အနေထားပါ။” ဟု ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးအောင်ကျော်သူက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်သည် ပိုးတွေ့လူနာအများဆုံးဖြစ်သောကြောင့် Stay at home သတ်မှတ်လိုက်သော စက်တင်ဘာလ ၁၁ ရက်နေ့မှစကာ မဲဆွယ်ခွင့်မရှိကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့ KNG သတင်းဌာနနှင့် မေးမြန်းရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင် က ပြောသည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိကာ မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးရှိပြီး ရွေးကောက်ပွဲကျင်းပရန် ၁ပတ်သာလိုတော့သည်။

Show More

Related Articles

Back to top button