မြစ်ကြီးနားမြို့တွင် Covid-19 အတည်ပြုလူနာ ထပ်တိုး
မြစ်ကြီးနားမြို့တွင် ၂ ရက်အတွင်း ရန်ကုန်ပြန် ကိုဗစ်လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
“အဲနှစ်ယောက်က ၂၃ ရက်နေ့က မီးရထားနဲ့ ရန်ကုန်ကနေ မြစ်ကြီးနားကိုပြန်လာတဲ့သူတွေဖြစ်တယ်။ ပြန်လာခြင်းဘဲ သူတို့ ၂ဦးစလုံးကို ကွာရန်တင်းထားလိုက်တယ်။သူတို့ရဲ့ Swab ကိုယူပြီး စစ်လိုက်တဲ့ချိန်ကျတော့ အသက် ၂၀နှစ်အရွယ် ကောင်မလေးကျတော့ မန္တလေးကစစ်တဲ့အဖြေက ပိုးတွေ့တယ်။ မနေ့ကထွက်တဲ့ဟာပေါ့နော်။ အဲဒါနဲ့သူနဲ့အတူနေတဲ့ အဖွားကို မသကာၤလို့ မြစ်ကြီးနားမှာဘဲ ထပ်ပြီးပြန်စစ်တဲ့ချိန်မှာ ပိုးတွေ့တာဖြစ်တယ်။” လို့ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။
အဆိုပါ ၂ဦးသည် ဗန်းမော် ဇာတိမှဖြစ်ပြီး ရန်ကုန်မှပြန်လာသူများဖြစ်ကာ ကွာရန်တင်း စင်တာတွင် စောင့်ကြည့်ခံထားရသူများဖြစ်ကာ အသက် ၂၀ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၇၀ အဖွားတစ်ဦးဖြစ်ပြီး လက်ရှိချိန်တွင် မြစ်ကြီးနားဆေးရုံကြီးတွင် ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် အောက်တိုဘာလ ၂၃ ရက်နေ့ အဆိုပါပိုးတွေ့လူနာစီးခဲ့သည့် ရထားအမှတ်နှင့် ၎င်းနှင့်တူစီးခဲ့သူများအား စုံစမ်းနေဆဲဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။
မြစ်ကြီးနားမြို့တွင် ပိုးတွေ့သူများမှာ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသူများဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကချင်ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသူများကို သက်ဆိုင်ရာသို့ ကွာရန်တင်း စင်တာများသို့ အကြောင်းကြားပေးရန် လိုအပ်ကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။
“ခုအခြေနေအရ ပိုးတွေ့များဆုံးက ပြည်နယ်ပြင်ပက ပြန်လည်ဝင်ရောက်လာတဲ့သူတွေမှာ ပိုးတွေ့ပိုများနေတာတွေ့ရတယ်။ တစ်ချို့ကျတော့ တစ်ခါတည်းကားဂိတ်ထဲကိုမလာဘဲ ကိုယ့်အိမ်မှာ နေလိုက်တာမျိုးတွေလည်းရှိနေသေးတယ်။ ဖြစ်နိုင်ရင်တော့ အားလုံးဝိုင်းဝန်းကူညီပြီး ပြည်နယ်ပြင်ပက ဝင်လာတဲ့သူတွေရှိပြီဆိုတာနဲ့တစ်ခါတည်း သက်ဆိုင်ရာကို အကြောင်းကြားပြီး ကွာရန်တင်းဝင်ကြပါလို့ပြောချင်တယ်။” ဒုညွှွန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။
ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ထိ ပိုးတွေ့လူနာ ၁၃၅ ဦးရှိကာ ဆေးရုံဆင်းပြီးသူသည် ၁၂၃ ဦးရှိပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ ဦးရေသည် ၁၅၁ ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာအများဆုံးသည် ပထမ ဖားကန့်မြို့နယ်မှ ၉၂ ဦး၊ဒုတိယအများဆုံး မိုးညှင်း ၁၉ ဦး၊ တတိယအများဆုံး မြစ်ကြီးနား ၁၆ ဦး တို့ဖြစ်သည်။