Covid-19 Reportingသတင်း

ဖားကန့်တွင် အချုပ်သားများ စတင် မဲ ပေး

ဖားကန့်မြို့နယ်တွင်ရှိသော အချုပ်သား မဲဆန္ဒရှင် ၁၀၀ ကျော်အနက် တချို့သည် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ မဲပေးနေပြီဖြစ်ကြောင်း သိရသည်။

ပထမဦးစွာ မှော်ဝမ်းအချုပ်စခန်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူကပြောသည်။

“မနေ့ကတော့ မှော်ဝမ်းမှာစပြီးလုပ်တယ်။ နောက်ရက် နောက်ရက်တွေမှာကျရင်တော့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရဲ့အခြေနေပေါ်မူတည်ပြီး သူတို့ယူပေးနိုင်မယ့် ရက်တွေသတ်မှတ်ထားတာရှိတယ်။ မရှီကထောင်ဆိုရင် ၆ရက်နေ့ယူပေးမယ်ဆိုပြီး ရက်သတ်မှတ်ထားတယ်။ အဲလိုဘဲ ရပ်ကျေးတွေက ယူပေးမှာဖြစ်တယ်။” ဟု ပြောသည်။

ယင်းကဲ့သို့ အချုပ်သားများ ဆန္ဒမဲကောက်ယူရာတွင် မဲဆန္ဒနယ်အပြင်နှင့် မဲဆန္ဒနယ်အတွင်းရှိကာ မဲဆန္ဒနယ်ပြင်ပမှ အချုပ်သားများအတွက် သက်ဆိုင်ရာရပ်ကျေးအဖွဲ့နှင့် ရဲစခန်းချိတ်ဆက်ကာ တိုက်ရိုက်ဆောင်ရွက်ပေးပြီး မဲဆန္ဒနယ်တွင်းကျရောက်နေသည့် အချုပ်သားများအနေဖြင့် ရပ်ကျေးကော်မရှင်နှင့် ရဲစခန်းချိတ်ဆက်ကာ ဆောင်ရွက်ပေးပြီး မြို့နယ်ကော်မရှင်မှ ကြီးကြပ်ဆောင်ရွက်ပေးကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁ သိန်း ၆သောင်းကျော်ရှိကာ မံရုံပေါင်း ၁၀၅ ရုံရှိသည်။

ပိုးတွေ့လူနာအများဆုံးဖြစ်သည့် ဖားကန့်မြို့နယ်တွင် ကော်မရှင်အနေဖြင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်ခဲအနည်းငယ်ရှိကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ယခုလိုပြောသည်။

“ဖားကန့်မှာက ပိုးတွေ့လူနာအများဆုံးဖြစ်သည့်အတွက် ကြိုတင်မဲပေးဖို့လုပ်ဆောင်တဲ့နေရာတွေမှာ နည်းနည်းခက်ခဲတော့ရှိတယ်။ ဥပမာ ကွာရန်တင်းလိုနေရာမျိုးမှာ ပိုးတွေ့ထားတဲ့လူကို မဲယူတဲ့ချိန်မျိုးမှာ PPE တွေ ဝတ်ပြီး ယူရမယ်ဆိုတော့ ပိုခက်ခဲတယ်။” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောသည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ရက်နေ့ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းခန့်ရှိပြီး မဲရုံပေါင်း ၉၁၉ ရုံရှိကာ ပါတီပေါင်း ၁၈ပါတီရှိသည်။

Show More

Related Articles

Back to top button