ရွေးကောက်ပွဲဆိုင်ရာသတင်း

ရွေးကောက်ပွဲအကြို အမှားများကို အစိုးရက တာဝန်ယူရမည်ဟု ကာကွယ်ရေးရုံးမှ ထုတ်ပြန်

လက်ရှိ ရွေးကောက်ပွဲ အကြိုကာလတွင်ဖြစ်ပေါ်နေသော ရွေးကောက်ပွဲကော်မရှင်၏ အမှားများကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူမူ၊ တာဝန်ခံမူရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ လိုက်နာရန်တွက် စက်တင်ဘာလ ၆ ရက်နေ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့်(SOP) လမ်းညွှန်ထုတ်ပြန်ချက်များအား လိုက်နာရာတွင် ထိရောက်စွာ မကြီးကြပ်နိုင်သည့်အတွက် ယခုကဲ့သို့နောက်ဆက်တွဲ ဆိုးရွားသည့်ရလဒ်များ ဖြစ်ပေါ်ခဲ့ကာ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၏ ရိုးရိုးသားသား မှားယွင်းမူအားလုံးအတွက် အစိုးရမှတာဝန်ယူမူ၊ တာဝန်ခံမူ အပြည့်ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီလည်းကောင်း၊လုပ်ထုံးလုပ်နည်းများ၊ညွှန်ကြားချက်စသည်များကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ လည်းကောင်း ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေညာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ထုတ်ပြန်ပြီးဖြစ်သည့် တည်ဆဲဥပဒေများအပေါ်အခြေခံကာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈မှ ၄၀၃ အထိ ပုဒ်မ ၃၉၉ ပါပြဌာန်းချက်များတွင် ပါရှိပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက်ပြင်ဆင်ရန် (၄နှစ်၊ ၇လ၊ ၉ ရက်) အချိန်ရရှိခဲ့သော်လည်း ပြင်ဆင်မူအားနည်းနေသည့်အပြင် ရွေးကောက်ပွဲအကြိုကာလတွင် ကျင်းပသည့် ကြိုတင်မဲပေးခြင်းတွင်လည်း ကြိုတင်မဲစာအိတ်များ၊ မဲပုံးများပင် အဆင့်မီအောင် ဆောင်ရွက်နိုင်ခြင်း၊ ကြိုတင်မဲနှင့် ပတ်သက်ပြီး တည်ဆဲဥပဒေအား ကျော်လွန်သည့် ကြေညာချက်များ ထုတ်ပြန်နေကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ ကြိုတင်မဲကောက်ယူခြင်းလုပ်ငန်းများတွင်လည်း လုပ်ထုံးလုပ်နည်း မညီညွှတ်မူများ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိနေရပြီး ဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်ဖျားသော ဒေသများ၏ အခြေနေများသိရှိရန် ခက်ခဲနေသည့်အပြင် ရက်ပေါင်း ၁၆၈၄ (၄)နှစ်ကျော်အချိန်ရရှိခဲ့ပေမယ့် မဲပုံးများပင် အဆင့်တန်းမှီစွာ ဆောင်ရွက်နိုင်ခြင်းမရှိ ချို့ယွင်းချက်များစွာတွေ့ရှိနေရကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသူစာရင်းပင် တိတိကျကျထုတ်ပြန်နိုင်ခြင်းမျိုး မရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆိုသည်။

ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ဆင့် နိုင်ငံတော်တာဝန်ကို ရယူနိုင်ခဲ့သော NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား ပြည်သူလူထုနှင့် နိုင်ငံတစ်ကာလိုလားနေသည့် ဒီမိုကရေစီစံနူန်းများနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုသည်။

Covid-19 ကပ်ရောဂါကြောင့် ဖိစီးမှုများ မြင့်တက်နေသော်လည်း ပြည်သူလူထုသည် အခက်ခဲများကြားမှ အပြောင်းလဲတစ်ရပ် ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက်နှင့်မဲပေးဖို့ ပြင်ဆင်နေကြောင်း၊ ပြည်သူလူထုမျှော်လင့်သည့်အတိုင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန် ကော်မရှင်နှင့်အတူ အပြန်လှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သဘောထားထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button