Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးထိတိုးလာ

၃ ရက်အတွင်း ကချင်ပြည်နယ် ကိုဗစ်အတည်ပြုလူနာသစ် စုစုပေါင်း ၁၂ ဦးတိုးလာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် ကချင်ပြည်နယ် Covid-19 ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဖားကန့်တွင် ၈ ဦး၊ ရွှေကူ ၃ ဦး၊ မိုးညှင်း ၁ဦးတိုးလာသောကြောင့် ကချင်တစ်ပြည်နယ်လုံးတွင် လက်ရှိ ဆေးကုသမူ ခံယူနေဆဲ အတည်ပြုလူနာ ၂၆ ဦးရှိနေသည်။

“ရွေးကောက်ပွဲကာလပြီးတဲ့နောက်မှာ နိုင်ငံတော်ကလည်းပြောထားပြီးသား ပိုးတွေ့လူနာပြန်လည်တိုးလာမယ် ပြောထားတယ်။ တစ်ကယ်လည်း ခုရွေးကောက်ပွဲပြီးတဲ့နောက်မှာ ပြန်လည်တိုးလာတာ ဒီပတ်ပိုများလာတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကနေလမ်းညွှန်ချက်တွေအတိုင်း သေချာလိုက်နာဖို့ပြောချင်တယ်။ ပြီးတော့ ကချင်ပြည်နယ် ပြင်ပကဝင်ရောက်လာတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ ကွာရန်တင်းဝင်ပေးကြပါလို့ ပြောချင်ပါတယ်။” ဟု ကိုဗစ်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

လက်ရှိချိန်တွင် ကိုဗစ်ရောဂါပြန့်ပွားမူ မရှိစေရေး၊ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign များ၊ လက်ကမ်းစာစောင်များ၊ Face Shield Campaign များ အရှိန်မြင့်လုပ်ဆောင်နေကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။

သို့သော် ကချင်ပြည်နယ်တွင်းသို့ နည်းအမျိုးမျိုးဖြင့် ခိုးဝင်လာသူများလည်းရှိနေကြောင်း လူမူကွန်ယက်စာမျက်နှာပေါ်တွင် ပြောဆိုမူများရှိနေသည်။

“ခိုးဝင်တာတော့ မဟုတ်ဘူး အဓိကအားဖြင့် ၂၁မိုင် ဂိတ်မရောက်ခင်မှာ နမ့်ခမ်းလမ်းဆိုတာရှိတယ်။ ဖြတ်လမ်း အဲဘက်ကနေ ခိုးခိုးပြီးဖြတ်လာတယ် ပြောကြလို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျေးရွာအစီစဉ်အရ လမ်းတွေကို ကျောက်တုံးတွေနဲ့ ပိတ်ထားပြီ။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

ပြည်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်တွင် ပြည်ပမှဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန်နှင့် မည်သူမဆို မလိုအပ်ဘဲအပြင်မထွက်ရန်၊ အရေးပေါ်ကိစ္စကြောင့် အပြင်ထွက်သူများသည်လည်း Mask များ တပ်ဆင်ရန် ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၂၄ ရက်နေ့ထိ ဆေးရုံကုသမူခံယူနေဆဲ ပိုးတွေ့လူနာစုစုပေါင်း ၂၆ ဦးဖြစ်ကာ မြစ်ကြီးနား ၇ ဦး၊ မိုးညှင်း ၃ ဦး ၊မိုးကောင်း ၂ ဦး ၊ ဖားကန့် ၅ ရွှေကူ ၉ ဦး ဖြစ်သည်။

ကချင်တစ်ပြည်နယ်လုံးတွင် ပိုးတွေ့လူနာစုစုပေါင်း ၁၇၄ ဦးရှိကာ နိုဝင်ဘာလ ၂၄ ရက်နေ့ထိ ဆေးရုံ ဆင်းပြီးသူ ၁၄၇ နှင့် ဆေးရုံကုသမူခံယူနေဆဲ ၂၆ ဦးရှိသည်။ သို့သော် အဆိုပါ ပိုးတွေ့လူနာစာရင်းသည် နိုဝင်ဘာလ ၂၅ ရက်အတွက် မပါရှိသေးပေ။

Show More

Related Articles

Back to top button