Fact Checkသတင်း

မဲရုံကိစ္စဖြင့် တရားစွဲဆိုထားသည့် ပညာရေးဝန်ထမ်းများပတ်သက်သည့် သတင်းအမှား

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲပြုလုပ်ကျင်းပခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ NLD ၏ ပြိုင်ဘက်ပါတီအချို့ မဲရုံကိစ္စဖြင့် တရားစွဲဆိုထားသည့် ပညာရေးဝန်ထမ်းများအတွက် တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောကြားလိုက်သည်ဟု လူမှုကွန်ယက်ပေါ်များတွင် ပျံ့နှံ့နေပါသည်။

နိုင်ဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် Tone Tone အမည်ရှိ လူမှုကွန်ယက်စာမျက်ပေါ်မှာ ‘မဲရုံကိစ္စများဖြင့် တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ်မရှိဟု ပညာရေးဝန်ကြီးပြော’ ရေးသားဖော်ပြထားသည်။

Tone Tone ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ အကူအညီတောင်းခံမှုအရ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကို မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲလက်မှတ်ထုတ်ပေးသူနှင့် မဲရေတွက်သူ၊ မှတ်တမ်းပြုစုသူနှင့် မဲရုံလုံခြုံရေးအပါအဝင် အခြားလိုအပ်သည့် နေရာများတွင် ခန့်အပ်တာဝန်ပေးထားခဲ့ပြီး ယခုအချိန်တွင် အောက်ခြေမဲရုံအချို့မှာ မဲမသာမှုများ ဥပဒေဘောင်ကျော်ဆောင်ရွက်မှုများ ဘက်လိုက်မှုများရှိခဲ့သည်ဆိုသည့် စွတ်စွဲချက်များဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့မှ တိုင်ကြားထားသည်များ တရားစွဲဆိုထားသည့် ဖြစ်စဉ်များကို တွေ့နေရတဲ့အတွက် ပညာရေး မိသားစုအနေနဲ့ စိတ်မကောင်းဖြစ်မိပေမယ့် ဝန်ကြီးဌာနအနေဖြင့်တော့ တာဝန်ခံဖြေရှင်းပေးမည့် အစီအစဉ်မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်” ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ စောရဲထွဋ်၊ Moe Thida Thein၊ Yan Naing Shwe အစရှိသည့် Facebook Account များတွင်လည်း ထပ်မံတင်ပြထားသည်ကို မြင်တွေ့ရသည်။

သို့ပေမယ့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီး ဌာနဝဘ်ဆိုဒ်နှင့် ၎င်းနှင့်ဆက်ဆိုင်သည့် လူမှုကွန်ယက်စာမျက်နှာများတွင် တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးကြောင်း မြင်တွေ့ရသည်။

“ဒီကစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို တရားဝင်ပြောဆိုထားတာတွေကမရှိပါဘူး။ သီခြား အကောင့် တွေမှာဘဲတင်နေတာကမြင်နေရတယ်။ တရားဝင်ဖြစ်တဲ့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနတွေမှာလည်း ထုတ်ပြန်ဖြေကြားထားတာက အခုချိန်ထိမရှိသေးဘူး။ ဖြစ်နိုင်တာက အကောင့်အတုတွေနဲ့ ဖြန့်ဝေရေးသားနေတာပဲ ဖြစ်နိုင်တယ်” ဟု ကချင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးကျော်မျိုးထွန်းက အတည်ပြုပြောဆိုခဲ့သည်။

ထို့အပြင် အခြားသောသတင်းဌာနများတွင်လည်း သတင်းဖော်ပြရေးခြင်း မရှိသေးသည်ကိုလည်း စစ်ဆေးတွေ့ရှိရသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲပြီး နောက်ဆက်တွဲသတင်းများအရလည်း ရွေးကောက်ပွဲမဲရုံများတွင် တာဝန်ကျခဲ့ကြသည့် ပညာရေးဝန်ထမ်းများအား တရားစွဲဆိုခံရသည်ဆိုသည့် သတင်းများလည်း ပြည်တွင်းအခြေဆိုက် သတင်းဌာနများသာမက ပြည်ပအခြေဆိုက် သတင်းဌာနများတွင်လည်း တစ်စုံတစ်ရာ ရေးသားဖော်ပြထားခြင်း မရှိသေးပေ။

ထို့ကြောင့် အဆိုပါမဲရုံကိစ္စများဖြင့် တရားစွဲဆိုခံထားရသည့် ပညာရေးဝန်ထမ်းများအတွက် ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ်မရှိဟူသော လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

Show More

Related Articles

Back to top button