ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

KIO ဒု ဥက္ကဌ (ငြိမ်း) မှ အစိုးရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာ

ဒေါက်တာမနမ်တူးဂျာသည် လက်ရှိတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဥက္ကဌ ဖြစ်ကာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အင်ဂျန့်ယန် ပြည်နယ်လွှတ်တော်အမှတ် (၁) မှ အနိုင်ရရှိထားသူဖြစ်သည်။

KIO ဒု ဥက္ကဌအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ကာ လက်ရှိ NLD အစိုးရ ၅နှစ်တာအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် UPDJC အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

မေး။ ။ အင်ဂျန့်ယန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့အပေါ် ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြပါ။
ဖြေ။ ။ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖော်ဆောင်ဖို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ကျနော့ကို ယုံကြည်ပြီး မဲထည့်ခဲ့ကြတဲ့ ဒေသခံတွေကို ကျေးဇူးတင်တယ်။ ဝမ်းသာတယ်ပေါ့။ အခုတော့ကိုယ်မျှော်မှန်းထားတဲ့အတိုင်း ပြည်သူတွေအတွက် တတ်နိုင်သလောက်လုပ်ဆောင်သွားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

မေး။ ။ တတ်နိုင်သလောက်ဆိုတာ ဘယ်လိုမျိုး အဆင့်ထိပြောချင်တာလဲဗျာ။
ဖြေ။ ။ အခု အင်ဂျန့်ယာန်ဘက်ဆိုရင် အဓိက လမ်းဖြစ်တယ်။ လမ်းကို အဓိကဦးစားပေး လုပ်ဆောင်သွားဖို့ရှိတယ်။ အခုလမ်းဆိုတစ်ဝက်က ကွန်ကရစ်လမ်း ပြီးပြီ။ ကျန်တဲ့အပိုင်းကို ၂၀၂၁ မှာပြီးအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ပြီးရင် အင်ဂျန်ယန်မြို့နယ်အတွင်း လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်သွားဖို့နှင့် ဖုန်း၊ အင်တာနက်လိုင်း ရအောင်ဆောင်ရွက်သွားဖို့ရှိတယ်။ ဒါတွေကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စလှယ်များနှင့် တိုင်ပင်ဆွေးနွေးပြီး လွတ်တော်ထဲကနေ အစိုးရတွေနှင့် အတူပူးပေါင်းလုပ်ဆောင်သွားမယ် ဆိုပြီး စဉ်စားထားတာတွေရှိတယ်။

မေး။ ။ KSPP ပူးပေါင်းပါတီအနေနဲ့ ထင်ထားသလောက် မဲ မနိုင်ခဲ့တဲ့အပေါ်မှာကော ပါတီဥက္ကဌ တစ်ယောက်အနေဖြင့် ဘာပြောချင်လဲ။
ဖြေ။ ။ ဟုတ်တယ်။ ကျွန်တော်တို့ထင်ထားတာနှင့် အများကြီးကွာပြီး မဲရှုံးခဲ့တယ်။ ဒါပေမယ့် အခြားနိုင်တဲ့ တိုင်ရင်သားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြည်သူတွေအတွက် အကောင်းဆုံးဘက်ကနေ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့ စိတ်မပျက်ဘူး။ ဆက်လျက်ကြိုးစားသွားမှာပါ။

မေး။ ။ ဒီရွေးကောက်ပွဲမှာ KSPP ပါတီကို သတင်းအမှားတွေနှင့် အများကြီးတိုက်ခိုက်ခံရတဲ့အပေါ်မှာ ပါတီ ဥက္ကဌ တစ်ယောက်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ မဲ အများကြီးနိုင်သွားမှာ စိုးရိမ်လို့ တစ်ချို့ပါတီတွေ မဟုတ်မမှန်ပြောဆိုပြီး ကျွန်တော်တို့ကို အများပြည်သူယုံကြည်မှုကို ပျက်ပြားအောင်လုပ်တယ်။ ဥပမာအနေဖြင့်ပြောရရင် ပြည်ခိုင်ဖြိုးပါတီနှင့် မဟာမိတ်ဖွဲ့တယ်၊ ပိုက်ဆံယူတယ် ဆိုတဲ့ကောလဟာလတွေပေါ့။ ပြီးရင် KIO ရဲ့ပိုက်ဆံယူတယ် ဆိုတဲ့ဟာမျိုးတွေပြောတယ်။ ကျွန်တော်တို့ ဒါမျိုး မဟုတ်မှန်တာတွေမလုပ်ဘူး။ ဒီလိုမဟုတ်မမှန်ပြောဆိုချက်တွေနှင့် မဲဆွယ်ခဲ့တဲ့လူတွေရှိခဲ့တယ်။ ဒါကြောင့် အခုနောက်ဆိုရင် ကျွန်တော်တို့ စာတွေထုတ်ပြီး အများပြည်သူတွေယုံကြည်မှုရှိအောင် လွတ်လပ်တဲ့ပါတီအဖွဲအစည်းဖြစ်တဲ့အကြောင်း ချပြ၊ သွားမှာဖြစ်တယ်။ ပြည်သူတွေကျွန်တော်တို့အပေါ်ယုံကြည်လာအောင် အခုကနေ စီစဉ်ဆောင်ရွက်သွားမယ်။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လာတဲ့နောက် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအခန်းကဏ္ဍ ဘယ်လောက်ထိ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ထင်လဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးလို့ပြောလိုက်ရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်ရမယ်ဆိုတာရှိတယ်။ နိုင်ငံရေးနည်းနှင့် ဖြေရှင်းမယ်လို့ပြောရင် ၂၁ ရာစုပင်လုံညီလာခံဖြစ်တယ်။ ၂၁ ပင်လုံညီလာခံကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ရမယ်။ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့ရန်အတွက် အဓိကတော့ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်ရမယ်။ တိုင်ရင်းသားတွေအားလုံးရဲ့အသံပါနိုင်ရမယ်။ ပြီးရင် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောတဲ့အတွက် ဖယ်ဒရယ်မူကိုချတဲ့အခါ စိတ်ထားစေတနာ သန့်သန့်နှင့် တိုင်ပြည်အတွက်ရှေ့ရှုပြီး ဆွေးနွေးသွားရမယ်။ ပင်လုံညီလာခံကိုအောင်မြင်အောင် လုပ်ဆောင်သွားရမှာ ဖြစ်တယ်။

မေး။ ။ အခုလက်ရှိ NLD အစိုးရက ဒီမိုကရေစီ ဖယ်ဒရယ်လို့သုံးနေတယ်။ တကယ် တိုင်းရင်းသားတွေ လိုလားတာက ဖယ်ဒရယ် ဒီမိုကရေစီဖြစ်တယ်။ ဆိုတဲ့အပေါ်မှာကော ပါတီဥက္ကဌ အနေဖြင့် ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ ကျွန်တော်တို့အမြဲပြောနေတာ ဖယ်ဒရယ် ဒီမိုကရေစီဖြစ်တယ်။ ကျွန်တော်တို့ လိုချင်တာ ဖယ်ဒရယ် ဒီမိုကရေစီပဲ။ ဖယ်ဒရယ်လို့ပြောလိုက်ရင် ဒီမိုကရေစီက အလိုလျောက်ပါလာပြီးသားပဲ။ ဒီမိုကရေစီလို့ပဲ ပြောရင် ဖယ်ဒရယ်မပါလာနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ နှင့် ဒီမိုကရေစီဖယ်ဒရယ် ကိုခွဲရမယ်ဆိုရင် ဖယ်ဒရယ်က နံပါတ် ၁ ဒီမိုကရေစီက နံပါတ် ၂ ဖြစ်တယ်။ ဒီမိုကရေစီ နံပါတ် ၁ ဖယ်ဒရယ် နံပါတ် ၂ ဒါကို ကျွန်တော်တို့ဘယ်လို မှ လက်မခံနိုင်ဘူး။ ဖယ်ဒရယ်နောက်မှာ မှ ဒီမိုကရေစီနောက်လိုက်တယ်။ ဒါမှနည်းလမ်းကျတယ်။ ဒီမိုကရေစီ ရပြီး ဖယ်ဒရယ်မရရင် ဘယ်လိုမှ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒါကြောင့် ဖယ်ဒရယ်ဒီမိုကရေစီပဲ ဖြစ်သင့်တယ်လို့မြင်တယ်။

မေး။ ။ အခုလက်ရှိ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ KIA ၊ TNLA၊ MNDAA၊ AA တို့ NCA လက်မှတ်ထိုးနိုင်ခြင်း မရှိသေးဘူး။ တစ်ဖက်မှာ Bilateral လက်မှတ်ထိုးဖို့ ဆွေးနွေးနေတဲ့အပိုင်းရှိတယ်။ ဆိုတော့ KIO ဒု-ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အခု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်သွားမလဲ။
ဖြေ။ ။ဒါက အခြေအနေပေါ်မူတည်မယ်။ အနိုင်ရ NLD ဦးဆောင်ပါတီရဲ့လုပ်ဆောင်မှုကိုကြည့်ပြီးမှ ဘယ်လိုမျိုး ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ် ဆိုတာသိရမယ်။ သူတို့အနေနဲ့ အားလုံးပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ထားစေတနာရှိရင် လုပ်လို့ရတယ်။ ဒါမှမဟုတ် သူတို့ကြီးပဲ အုပ်စိုးပြီး သူတို့အောက်မှာနေပြီး သူတို့လုပ်ခိုင်းတာကိုပဲ လိုက်လုပ်ခိုင်းမယ်ဆိုရင်တော့ ပါဝင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အဓိက သူတို့ပေါ်မှာမူတည်တယ်။

မေး။ ။တကယ်လို့များ NLD က ဒေါက်တာတူးဂျာကို ပါတီ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတိုင်ပင်မှုများရှိလာပါက ဘယ်လိုဆက်လုပ်မလဲ။
ဖြေ။ ။ငြိမ်းချမ်းရေးအတွက် တိုင်ပင်ဆွေးနွေးတိုင်ပင်မှုများ ရှိလာပါက လက်ခံရမှာပေါ့။ ကျွန်တော်တို့ လိုချင်တဲ့ ဖယ်ဒရယ်မူကို ဆွေးနွေးသွားမယ်။ ဖိတ်ခေါ်ရင်တော့ သွားရောက်ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်။

မေး။ ။ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ထိ ပါဝင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်လဲ။
ဖြေ။ ။ဒါက လက်တွေ့ဖြစ်လာတဲ့ပေါ်မှာ မူတည်မယ်။ အနိုင်ရ ပါတီက ကျွန်တော်တို့ကို ဘယ်လောက်ထိ တံခါး ဖွင့်ထားပေးနိုင်မယ်၊ ဖိတ်ခေါ်မှုဘယ်လောက်ရှိမယ်၊ စေတနာဘယ်လောက်မှန်မယ်၊ ဆိုတဲ့ပေါ်မှာမူတည်မယ်။ ကျွန်တော်တို့က ပြောချင်တယ်၊ ဆွေးနွေးချင်တယ်။ ဒါပေမဲ့ သူတို့ဘက်က တံခါးဖွင့်မထားရင်၊ သူတို့မဖိတ်ခေါ်ရင် ကျွန်တော်တို့ ဝင်ရောက်ဆွေးနွေးလို့မရဘူး။ ဒါကြောင့် သူတို့အခွင့်အရေး ပေးတဲ့ပေါ်မှာမူတည်တယ်။
ကျွန်တော်တို့က ၁၉၄၇ အောင်ဆန်း ပင်လုံကတိအတိုင်း အကောင်အထည်ဖော်နိုင်အောင် ဆက်လက်ပါဝင်ဆွေးနွေးသွားမယ်။ ဒါကိုလက်ခံနိုင်မှ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရနိုင်မှာဖြစ်တယ်။

မေး။ ။KSPP ပါတီ ဥက္ကဌ အနေနဲ့ နောက်ဆုံးဘယ်လိုဖြည့်စွက်ပြီး ဘာပြောချင်လဲ။
ဖြေ။ ။ လွှတ်တော်ပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ ပြီးခဲ့တဲ့ချိန်တွေလိုပဲ သွားနေလို့မဖြစ်တော့ဘူး။ နည်းလမ်းသစ်တွေကို စုပေါင်းအဖြေရှာပြီး ပါတီတစ်ခုထဲ ကြီးစိုးပြီး ပါတီတစ်ခုရဲ့အာဘော်နှင့် သွားနေတာမျိုးမဟုတ်ပဲ ပါတီပေါင်းစုံရဲ့ အာဘော် အင်အားတွေကိုစုပေါင်းပြီး လုပ်ဆောင်သွားနိုင်မှ ပြည်သူတွေလိုလားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နည်းဖြစ်နိုင်မှာဖြစ်တယ်။

Show More

Related Articles

Back to top button