မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်အတွင်း မြေဧက ၄၀၀၀ ကျော်ကို CF သတ်မှတ်ပေးရန် တန်ဖရဲဒေသခံများ တောင်းဆို

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာသို့ အတင်းရွှေ့ပြောင်းခံထားရသောဒေသခံများသည် ယခင်တန်ဖရဲကျေးရွာအနီး အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ် ဧရိယာအတွင်းက မြေဧက ၄၀၀၀ ကျော်ကို ဒေသပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်း (CF) သတ်မှတ်ပေးရန် လျှောက်ထားသည်ဟု သိရသည်။

၂၀၁၄ ခုနှစ်ကတည်းက စတင်အကောင်ထည်ဖော်လာသော အင်ခိုင်ဘွမ် အမျိုးသား ဥယျာဉ်ကို အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်တွင်အတည်ပြုခဲ့ပြီးနောက် အဆိုပါသတ်မှတ်ဧရိယာသို့ မြစ်ဆုံဒေသခံများလုပ်ကိုင်စားသောက်ခဲ့သော မြေနေရာအချို့လည်း ပါဝင်သွားခဲ့သည်ဟု ဆိုသည်။

ဒေသခံ လူဦးရေ ၃၀၀ ကျော်၏ လက်မှတ်ပါဝင်ကာ မြေယာနှင့်ပတ်သက်ပြီး တတ်ကျွမ်း ဥပဒေပညာရှင်များနှင့်ညှိနှိုင်းပြီး မြို့နယ်မှတဆင့် မြစ်ကြီးနးခရိုင်သစ်တောဦးစီးရုံးသို့ စာတင်ပြတောင်းဆိုထားကြောင်း ဒေသခံတစ်ဦး ဆရာတူးခေါင်က ယခုလို ပြောဆိုသည်။

“အစိုးရကနေ အင်ခိုင်ဘွမ်အမျိုးသား ဥယျာဉ်သတ်မှတ်ထားတာက အားလုံးသိတဲ့အတိုင်းပါဘဲ။ ဒါပေမယ့် ဒါနဲ့ပတ်ပြီး သေသေ ချာချာ ချပြသေးတာမရှိသေးဘူး။ အခုသူတို့သတ်မှတ်ထားတဲ့ မြေဧရိယာတွေမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ တောင်ယာ စိုက်ခင်းတွေအများအပြားရှိတယ်။ တစ်ချို့သူတွေဆိုရင် နှစ်ရှည်ပင်တွေစိုက်ပျိုးထားကြတယ်။ တကယ်လို့သာ ဒီစီမံကိန်းသာ ဆက်လုပ်သွားမယ်ဆိုရင် ဒေသခံတွေလုပ်ကိုင်စားသောက်မယ့် ဘုံပျောက်သွားမယ်သေချာတယ်။ ဒေသခံတွေက အဆုံးရှုံးမခံချင်ဘူး။ ဒါကြောင့် မြေယာနဲ့ပတ်သက်ပြီး သိကျွမ်းတဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး CF ပြန်လျှောက်ဖို့ လုပ်ဆောင်ခဲ့တယ်။ အခုက မြစ်ကြီးနား ခရိုင်သစ်တောရုံးမှာ စာတင်ပြထားပြီ” ဟု ပြောဆိုသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရွှေ့ပြောင်းထားသည့် တန်ဖရဲဒေသခံများသည် အောင်မြင်သာကျေးရွာတွင် လုပ်ကိုင်စားသောက်ရန်ခက်ခဲသောကြောင့် လက်ရှိချိန်အထိ မူလတန်ဖရဲကျေးရွာသို့ပြန်ကာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်မှုများ ရှိနေသည်။

CF လျှောက်ထားသည့်မြေနေရာမှာ တန်ဖရဲကျေးရွာနယ်နမိတ် အပြင်ဘက် အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ် နယ်နမိတ်တွင်ပါဝင်ပြီး တောင်းဆိုသည့် မြေဧက ၄ထောင်ကျော်ရှိသည်ဟု ပြောသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားခရိုင်သစ်တောရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံများက အစုအဖွဲ့သစ်တောလုပ်ငန်း (CF) လျှောက်ထားသော်လည်း ၎င်းတို့နှင့်ထပ်မံတွေ့ဆုံရမည့် အခြေအနေရှိနေသေးသဖြင့် တိတိကျကျပြောဆိုရန် ခက်သေးကြောင်း ခရိုင်သစ်တော ဦးစီးမှူး ဦးနိုင်နိုင်ထွန်းက ပြောသည်။

“အင်ခိုင်ဘွမ်တောင်မှာ ဒေသခံတွေ CF လျှောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်ပြောဖို့က တိတိကျကျပြောလို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကြားခံဧရိယာတွေတောင် မလုပ်ရသေးဘူး။ သူက CF ပေးလို့ရတဲ့နယ်မြေလား။ သေသေချာချာ စီစစ်ရအုံးမှာပါ။ ပေးလို့ရတယ်ဆိုရင်က ပြန်ပြီးတင်ပြပေးရမှာပေါ့။ ဒါကလည်း ညွှန်ချုပ်ရဲ့ခွင့်ပြုချက်လိုတယ်ပေါ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒေသခံတွေနဲ့ သေသေချာချာ ပြန်ပြီး တွေ့ဆုံဖို့လိုနေတယ်။ အခုက သူတို့နဲ့မတွေ့ရသေးဘူး”ဟု ပြောဆိုသည်။

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်ကို လွန်ခဲ့သည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စတင်အကောင်ထည်ဖော်ခဲ့ပြီး သတ်မှတ်ဧရိယာ ဧက ၇ သောင်းကျော်ရှိသည်ဟု သိရသည်။

တန်ဖရဲကျေးရွာဒေသခံပြည်သူများမှာ မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသည့်အပြင် တဖက်မှာ ၎င်းတို့တောင်ယာလုပ်ငန်းများ အဖြစ် လုပ်ကိုင်စားသောက်နေသည့် မြေဧကများမှာ အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ် နယ်နမိတ်အဖြစ် သတ်မှတ်ထားခံရခြင်း ဖြစ်သည်။

 

Show More

Related Articles

Back to top button