ရွေးကောက်ပွဲဆိုင်ရာသတင်း

တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးရန် NLD ပြင်ဆင်လာမှုကို ကချင်ပါတီများ အပြုသဘောမြင်

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် NLD ပါတီကဖွဲ့လိုက်သော အဖွဲ့က ကမ်းလှမ်းခဲ့ပါက အပြုသဘော လက်ခံတွေ့ဆုံရန်ရှိကြောင်း ကချင်ဒေသခံပါတီတချို့က ပြောသည်။

“တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကိုတော့ ကြားတော့ကြားနေရတယ်။ ဒါပေမယ့် ခုချိန်ထိတော့ တရားဝင် တစ်စုံတစ်ရာဘာမှပြောလာတာ မရှိသေးဘူး။ ကမ်းလှမ်းလာခဲ့ရင်တော့ အပြုသဘောတွေ့ဆုံသွားမှာပါ။ ဒါပေမယ့် သူတို့ဘက်က ဘယ်လိုဘယ်ပုံစံလာမလဲဆိုတာကိုတော့ ကျနော်တို့စောင့်ကြည့်ရမှာဖြစ်တယ်။ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်လာကြလိမ့်မယ်လို့လည်း မျှော်လင့်တယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ကရောင်အောင်ခမ်းက ယခုလို ပြောသည်။

ရွေးကောက်ပွဲအပြီး တစ်လအကြာ ဒီဇင်ဘာလ ၁၂ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် ဗဟိုအလုပ်အမူဆောင်အစည်းအဝေးအပြီးတွင် NLD ပါတီတာဝန်ရှိသူတစ်ဦးက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တာဝန်ပေးခံရသူ ၃ ဦးမှာ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့် နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် အစိုးရဖွဲ့နိုင်ရေးထက် အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေး ပုံသဏ္ဍန်အတွက် ဘုံသဘောထားရယူရန် ဆွေးနွေးသွားမည်ဖြစ်ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့် က ဆိုသည်။

“တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် ကျနော်တို့ခေါင်းဆောင် ၃ဦးကိုရွေးလိုက်ပါတယ်။ သူတို့ကနေ ဦးဆောင်ပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားမှာပါ။ အဓိက ဘာလုပ်မလဲဆိုရင် တိုင်းရင်းသားနိုင်ငံရေးပါတီ သူတို့လိုချင်တဲ့သဘောထားကို ကျနော်တို့အရင်နားထောင်မယ်။ နောက်ပြီးတော့ ညှိနိူင်းလို့ရတဲ့နေရာတွေမှာ ညှိနိူင်းပြီးတော့ ဘုံသဘောတူညီမူရအောင်လုပ်မယ်။ ပြီးရင်ကျနော်တို့အဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်မှာ ပြန်လည်ဆွေးနွေးပြီး အတည်ပြုမှာပေါ့။” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကလည်း အပြုသဘောဆောင်တဲ့အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အလိုရှိကြောင်း ပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

“အဲတာကတော့ သူတို့နဲ့တွေ့တဲ့ခါ ကျနော်တို့ပါတီကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးလမ်းကြောင်းပေါ်က လာတာကိုတော့ တွေ့ဆုံဆွေးနွေးသွားမှာဘဲ။ သူတို့ရဲ့ဆွေးနွေးမူက ဘယ်အခြေနေ ဘယ်ပုံစံနဲ့ဆွေးနွေးလာမလဲဆိုတာကိုတော့ အပြုသဘောနဲ့တွေ့ဆုံဆွေးနွေးသွားမှာပါ။ ဆွေးနွေးဖြစ်ရင်တော့ ကျနော်တို့ဘက်ကတော့ အဓိတော့ တိုင်းရင်းသားတန်းတူရေးထားပြီးတော့ ဖက်ဒရယ်ကိုအဓိကထားဆွေးနွေးထားဖို့ စဉ်းစားထားတယ်။” ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း က ဆိုသည်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၉ ရက်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန်ကြိုးပမ်းသွားရန်နှင့် နောင်အနာဂတ် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများအား အလေးထားဆောင်ရွက်သွားရန် NLD ပါတီမှ နိုင်ငံရေးပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့သည်။

“တွေ့ဆုံ ဆွေးနွေးဖို့ ပြောလာရင်တော့ သူတို့ရဲ့အာဘော်ကို အရင်နားထောင်ကြည့်ရတာပေါ့။ တွေ့ဆုံဖို့ဆွေးနွေးလာရင်တော့ အပြုသဘောနဲ့တွေ့ဆုံဖို့ ရှိပါတယ် ဟိုတစ်လောကလည်း စာပေးပို့ခဲ့တာရှိတယ် အဲဒါတော့ ဒီမိုဖက်ဒရယ်ပြည်ထောင်စုဆိုပြီးပြောတယ်။ အဲမှာတော့ ကျနော်တို့ကတော့ ဖက်ဒရယ်ကိုအရင်ဦးစားပေးချင်တယ်။ ခုလည်းဆွေးနွေးဖို့မှာ သူတို့ဘက်က ဘယ်လိုပုံစံလာမလဲဆိုတာကိုဘဲ ကြည့်ရမယ်။”ဟု ဒီမိုကရေစီသစ်(ကချင်)မှ ဥက္ကဌ ဦးတိန့်ဆောင်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ရန် သတ်မှတ်အရေအတွက်ထက် ကျော်လွန်ကာ ထပ်မံ အနိုင်ရရှိထားပြီဖြစ်သည်။

Show More

Related Articles

Back to top button