စစ်ပြေးဒုက္ခသည်များမြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

နေရပ်မပြန်တော့သည့် ရှဒူးဇွပ် စစ်ရှောင်များ ယုဇနသိမ်းဆည်းမြေနေရာတွင် အခြေချရန်ဆုံးဖြတ်

ဖားကန့်မြို့နယ် ၊ ရှဒူးဇွပ်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ စစ်ရှောင်များက မြေနေရာ အသစ်တစ်ခုတွင် ရွှေ့ပြောင်းနေထိုင်ရန် ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းများ စတင်တော့မည်ကြောင်း သိရသည်။

လက်ရှိ နေထိုင်သည့် စစ်ရှောင်စခန်းသည် နှစ်စဉ်ရေကြီးရေလျှံကြုံတွေ့နေရသည့်အပြင် စစ်ရှောင်ကာလကြာရှည်လာသဖြင့် နေထိုင်ရန်အဆင်မပြေလာသောကြောင့် အောင်ရာကျေးရွာ အနောက်ဘက်ခြမ်းရှိ ယုဇနကုမ္ပဏီ သိမ်းဆည်းထားသည့် မြေနေရာ ၈ဧကခန့် တွင် ပြန်လည်ရွေ့ပြောင်းရန် စီစဉ်နေသည်ဟု စစ်ရှောင်တာဝန်ခံ ဦးထွယ်အောင်က ယခုလို ပြောဆိုထားသည်။

“အခုနေထိုင်နေတဲ့ စစ်ရှောင်နေရာက မြေနိမ့်နေရာလည်းဖြစ်တယ်။ နှစ်တိုင်း ရေမြုပ်ဒဏ်ကိုကြုံတွေ့နေရတယ်။ နောက်ပြီး ဒီနေရာကလည်း သာသနာပိုင်နေရာဖြစ်တဲ့အတွက် ရည်ရှည်ဆက်နေလို့မရဘူး။ အရင်တာဝန်ခံတွေကနေစပြီး စစ်ရှောင်မြေနေရာ ရရှိဖို့ ကြိုးစားခဲ့တယ်။ ယခုချိန်ထိပါဘဲ။ ဘာကြောင့်လဲဆိုတော့ အခုရွှေ့ပြောင်းမယ့် နေရာက ယုဇနက သိမ်းဆည်းထားတဲ့ နယ်မြေမှာဖြစ်တယ်။ ဒီနေရာက စစ်ရှောင်တွေပြန်လည်နေထိုင်ဖို့အတွက် အလွန်ဘဲ ကောင်းမွန်တဲ့ နေရာဖြစ်တဲ့အတွက် ရယူဖို့ အခက်အခဲအမျိုးမျိုးကြုံတွေ့ခဲ့ရတယ်။” ဟုပြောဆိုသည်။

ယုဇန ကုပ္မဏီဘက်ကလည်း စစ်ရှောင်များအခြေချနေထိုင်မည်ဆိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလက ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် အဆောက်အအုံပြုလုပ်ရန် မြေနေရာရှင်းလင်းတောမည်ဟု သိရသည်။

ယခုနှစ်မကုန်ခင် မြေနေရာရှင်းလင်းမှုများကို အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး တဆက်တည်း စစ်ရှောင်အိမ်ထောင်စု ၂၅ခုအတွက် ပေ ၈၀၊ ပေ ၁၀၀ ပတ်လည်ဖြင့် အကွက်ရိုက် ခွဲဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ရှဒူးဇွပ်ကျေးရွာသည် ယခုနှစ်တွင် ရေဘေးဒဏ်ကို ၃ ကြိမ်ဆက်တိုက် ကြုံတွေ့ခံရပြီး ၊ အကြိမ်တိုင်းတွင် နေရာရွေ့ပြောင်းခဲ့ရသည်။

“ကျမတို့အတွက် အခုချိန်မှာ အခက်အခဲဆုံးက စစ်ရှောင်မြေနေရာရွှေ့ပြောင်းနေထိုင်ဖို့ဘဲ။ ဒီမှာကနှစ်တိုင်းရေဘေးဒဏ်ကိုကြုံတွေ့ နေရတယ်။ နဂိုကတောင် စစ်ရှောင်ခဲ့ရတယ်။ ထပ်ပြီးရေဘေးဒဏ်ကို ပြန်ကြုံတွေ့ရတော့ အင်မတန်မှ ခက်ခဲပါတယ်။ စိတ်အားငယ်မှုတွေလည်း အများကြီးရှိတယ်။ ရေကြီးတာက တစ်နှစ်မှာ တစ်ကြိမ်တောင်မဟုတ်ဘူး။ ဒီမှာထဲမှာဘဲ ၃ကြိမ်တိတိ ရေကြီးဒဏ်ကို ကြုံခဲ့ရတယ်။ ဒါကြောင့် ဒီမှာဆက်မနေချင်တော့ဘူး။ ဖြစ်နိုင်ရင် မိုးတွင်းမရောက်ခင် လုံခြုံမှုရှိတဲ့ မြေနေရာကို ရွှေ့ပြောင်းချင်ပါတယ်”ဟုပြောဆိုသည်။

ရွှေ့ပြောင်းနေထိုင်မည့် မြေနေရာအသစ်မှာ အဆောက်အဦးများကို ဆောက်လုပ်ပေးရန်အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ကို တောင်းဆိုထားသိရသည်။

၎င်းစစ်ရှောင်များသည် ရှဒူးကျေးရွာအနီး လော့ဂျာဒေသခံများဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလာသောကြောင့် ထွက်ပြေးတိမ်းရှောင်းခဲ့ခြင်းဖြစ်သည်။

လောဒ်ဂျာကျေးရွာမှာ ရွှေမှော်ဒေသဖြစ်သည့်အပြင် နယ်မြေလုံခြုံမှုလုံးဝမရှိသည့်အခြေအနေဖြစ်သွားသည့်အတွက် နေရပ်ပြန်ရန်မဖြစ်နိုင်သောကြောင့် မြေနေရာအသစ်တစ်ခုတွင် ပြန်လည်နေထိုင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်း စစ်ရှောင်များပြောဆိုသည်။

Show More

Related Articles

Back to top button