Covid-19 Reporting

ကိုဗစ်-၁၉ လည်းကာကွယ်ရမည်၊ အရေးတော်ပုံလည်းအောင်ရမည်

Covid-19 PSA (Article)

Covid-19 ကူးစက်မှုကြောင့် ပြည်သူလူထုဒုက္ခရောက်နေချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိုလုပ်ရပ်ကို ဆန့်ကျင်သော ကဏ္ဍအသီးသီးမှ နိုင်ငံဝန်ထမ်းများသည် ပြည်သူ့အာဏာဖီဆန်မှု Civil Disobedience Movement (CDM) တွင် ပါဝင်လာကြသည်။

CDM တွင် ပထမဆုံးပါဝင်လာသူများမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်သောကြောင့် ပြည်ထောင်စုအဆင့်မှ ပြည်နယ်အထိ ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်မှုမရှိတော့သည်ကို တွေ့ရသည်။

ယခင်က ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးမှုနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ သတင်းထုတ်ပြန်သော ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်ကျန်းမာရေးဌာန၏ Facebook စာမျှက်နှာများသည်လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့နောက်ပိုင်း အသက်ဝင်ခြင်းမရှိတော့သည်ကို တွေ့ရသည်။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သောဆန္ဒ ပိုမိုပြင်းပြနေသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကိုမူ ဘယ်သူမှ ဂရုမစိုက်နိုင်တော့ပေ။

ကချင်ပြည်နယ်တွင် အာဏာမသိမ်းခင်ရက်ပိုင်းအထိ ရောဂါကူးစက်ခံရသဖြင့် ကုသမှုခံယူနေရသူ ရာဂဏန်းရှိခဲ့သည်။ ကချင်လူထုအနေဖြင့် ကိုဗစ်ကို သတိမထားတော့သော်လည်း မတ်လ ၁၉ ရက်နေ့ လေယာဉ်စီးရန်အတွက် ကိုဗစ်ပိုးစစ်ချိန် ပိုးတွေ့သောကြောင့် ကျွန်းပင်သာရပ်ကွက်မှ နေအိမ်တစ်ခုကို လော့ဒေါင်းချထားသည်ကို သိရသည်။

ပိုပြီးသတိထားသင့်သည့်မှာ လက်ရှိအချိန် ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်တပ်က လူသတ်မှုကျူးလွန်နေသောကြောင့် ထိုဒေသမှပြည်သူအများအပြားသည် ကချင်ပြည်နယ်တို့နေရပ်ပြန်လာသူများရှိလာသဖြင့် ရောဂါကူးစက်မှုသည် မည်သူမှ မသိဘဲ ရှိနေတော့မည်ဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် စစ်တပ်က လိုက်လံဆော်ဪနေသော်လည်း ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများက CDM လုပ်နေသဖြင့် ပြည်သူလူထုမှာ ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူများအနေဖြင့် အရေးတော်ပုံအောင်မြင်အောင် ကြိုးစားရမှာဖြစ်သလို၊ ကိုဗစ်-၁၉ ကိုလည်း ကာကွယ်စေရန် ယခင်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်မှုများကို ပြန်လည် လိုက်နာသင့်ပါသည်။

Show More

Related Articles

Back to top button