သတင်း

ဗလမင်း ထင်တံတား စုပေါင်းဂိတ် ပစ်ခတ်မှုတွင် ရဲတပ်သား ၂ဦး ထိခိုက်ဒဏ်ရာ ရရှိ

မြစ်ကြီးနား- ဝိုင်းမော်မြို့ ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၃ ရက်ည ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

“အတွင်းသတင်းဆိုတော့ ကျမလည်း အားလုံးတော့မသိဘူး။ ဒါပေမယ့် ရဲ ၂ယောက်တော့ ထိထားတယ်လို့သိရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးထံမှ သိရသည်။

စုပေါင်းဂိတ်အနီးတွင်ရှိသော မိုင်းနားရဲစခန်းမှ ရဲဝန်ထမ်း မိသားစုဝင်များကိုလည်း စစ်ကားဖြင့် မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ယာယီရွှေ့ပြောင်းထားကြောင်း သူက ဆက်ဆိုသည်။

ဇွန်လ ၂၃ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဗလမင်းထင်တံတား စုပေါင်းဂိတ်တွင် ပေါက်ကွဲမှုတစ်ခု စတင်ဖြစ်ပွားခဲ့ပြီးနောက် တံတားစောင့် အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ထို့အပြင် စစ်ရဟတ်ယာဉ်ဖြင့်လည်း ဧရာဝတီမြစ်ကျောင်းတစ်လျောက် ရှာဖွေမှုများ ပြုလုပ်နေခဲ့သည်။

ယနေ့ နံနက်တွင် ဗလမင်းထင်တံတားကို ဖြတ်သန်းခွင့်ပြန်ပေးထားပြီး၊ ယမန်နေ့ည တိုက်ခိုက်ခံရသော စုပေါင်းဂိတ်တွင် စစ်တပ်နှင့် ရဲများ နေထိုင်ခြင်းမရှိတော့ကြောင်း ဖြတ်သန်းသွားလာသူများ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ယမန်နေ့ညက အတည်ပြု ပြောဆိုခဲ့သည်။

“အသေးစိတ်တော့မသိသေးဘူး။ တပ်ရင်း ၃ က သွားပစ်တယ်လို့တော့ကြားပြီ။” ဟု KNG ကို ပြောဆိုခဲ့သည်။

ထိုသို့ စုပေါင်းဂိတ်ကို KIA က သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ည ၉ နာရီကျော်ခန့်မှ စတင်ပြီး KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ ၊ မိုင်ဂျာယန်မြို့၊ ဖားကန့် ၊ ဒေါ့ဖုန်းယန် နှင့် မြို့သစ် ၊ ကုန်းလော စသော KIAတပ်များ ရှိရာသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button