စစ်ပြေးဒုက္ခသည်များသတင်း

စုပေါင်းဂိတ်ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနား စစ်ရှောင်စခန်း ၂ ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စစ်ဆေး

မြစ်ကြီးနားမြို့  စစ်ရှောင်စခန်း ၂ ခုတွင် အာဏာသိမ်းစစ်တပ်က ကျန်းမာရေးအကြောင်းပြပြီး စစ်အင်အားအမြောက်အများဖြင့် လာရောက်ဝိုင်းရံ ပိတ်စို့ကာ လူဦးရေနှင့် အမည်စာရင်း စစ်ဆေးသွားကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဗက်လင်စစ်ရှောင်စခန်းနှင့် ဇီးလွန်စစ်ရှောင်စခန်းနှစ်ခုကို ဇွန်လ ၂၄ ရက်ညနေ ၅ နာရီခွဲခန့်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စခန်းရှိပြည်သူများထံမှ သိရသည်။

“သူတို့အင်အားနှင့် ရောက်လာပြီး သော့ခတ်ပိတ်ထားတဲ့ ကျမတို့ စစ်ရှောင်းစခန်းတံခါးကြီးကို ဖွင့်ခိုင်းပြီးတော့ စစ်ရှောင်စခန်း ဘေးပတ်ပတ်လည်လည် အကုန်ဝိုင်းလိုက်တာ။ ဘာအလိုရှိတယ် ဘာအကြောင်းလဲမေးတော့ ဘာမှမဟုတ်ဘူး။ ဒီအတိုင်း ကျန်းမာရေးတွေ ဘာတွေ လိုက်ကြည့်တာပြောပြီး တစ်ချို့က စခန်းပတ်ပတ်လည် လိုက်ကြည့်ပြီးတော့ စခန်းတာဝန်ခံဆီက လူဦးရေ ဘယ်လောက်ရှိတယ်။ အမည်စားရင်းထဲ မပါတာဘယ်လောက်ရှိတယ် ဆိုတာတွေ မေးမြန်း တောင်းယူပြီးတော့ စစ်ဆေးပြီး အကြာကြီးပဲ” ဟု အမည်မဖော်လိုသူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်သည် ညနေပိုင်း ၅ နာရီခွဲအချိန်ခန့် ဗက်လင်စစ်ရှောင်စခန်းသို့ ပထမဆုံးရောက်လာပြီးစစ်ဆေးခဲ့ပြီးနောက် စစ်သားတစ်ချို့မှာ လူခွဲပြီး ဇီးလွန်စစ်ရှောင်စခန်းသို့ ထပ်မံသွားရောက်စစ်ဆေးခဲ့သည်။ ၄ နာရီခန့်ကြာ စစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီခွဲမှ ပြန်သွားကြောင်း သိရသည်။

ယခုလို စစ်ရှောင်စခန်းအတွင်းသို့ လက်နက်အပြည့်အစုံဖြင့် စစ်သားများက ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သောကြောင့် စစ်ရှောင်များအားလုံး ထိတ်လန့်ခဲ့ရကြောင်း အခြားစစ်ရှောင်တစ်ဦးက ထပ်မံ ပြောဆိုသည်။

“ကျမတို့အရမ်းကြောက်ပြီး အခန်းထဲပဲ ဝင်ပြီး နေခဲ့ရတယ်။ ကျမတို့မှာ လုံး၀ လုံခြုံမှုမရှိတော့ပါလား။ ကျမတို့ကို သူတို့ကြိုက်သလို လုပ်လို့ရတယ်ဆိုပြီး ဘယ်လိုများလုပ်မလားပဲ တွေးပူရင်း ပူနေရတာ။ အခုဆို ပထမ သူတို့ဝင်ချင်သလို ဝင်ပြီးပြီဆိုတော့ နောက်လည်း သူတို့က ကြိုက်သလိုဝင်ချင် ဝင်လာတော့မှာစိုးရိမ်နေမိတယ်။ ဒီလိုအခြေအနေဆိုရင်တော့ ကျမတို့ မိဘတွေရော ကလေး လူငယ်တွေရဲ့ လုံခြုံရေးက လုံးဝကို ကင်းမဲ့သွားပြီ။ ဘယ်ချိန်ဘယ်လိုများ ဖြစ်လာအုံးမလဲ ရင်ပူနေရပြီ။ စစ်ရှောင်မလို့ ရွာထဲ တောထဲလဲ ပြန်လို့မရ မြို့ထဲ စစ်ရှောင်စခန်းတွင်းမှာနေနေတာ အခုကျတော့လည်း လုံခြုံရေးပြန်မဲ့လာတဲ့အခြေအနေ ကျမတို့ ဘယ်မှာပဲ သွားခိုလှုံရတော့မလဲ။” ဟု ဇီးလွန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

ဇွန်လ ၂၃ ရက်နေ့ည မြစ်ကြီးနား-ဝိုင်းမော် ဧရာဝတီးမြစ်ကူးတံတားအနီးရှိ မိုင်းနား စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် မြစ်ကြီးနား စစ်ရှောင်စခန်းနှစ်ခုကို လာရောက်စစ်ဆေးခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရှောင်ပြည်သူများအတွက် နေရပ်ပြန်ရေးလုပ်ဆောင်ပေးနေသော်လည်း တိုက်ပွဲများကြောင့် အိမ်မပြန်ရဲသေးကြောင်း ပြောဆိုသည်။

အဆိုပါ စစ်ရှောင်စခန်း ၂ ခုရှိပြည်သူများမှာ ၂၀၁၁ ကချင်တစ်ကျော့ပြန်တိုက်ပွဲများကြောင့် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် ဂါးရာယန်၊ ကဇူး၊ ဒဘတ်၊ ကန်တော်ယန်၊ နမ့်ဆန် စသည့် ကျေးရွာများမှ ထွက်ပြေးလာသူများဖြစ်ကြပြီး လူဦးရေ ထောင်ဂဏန်းရှိသော စခန်းဖြစ်သည်။

စစ်ရှောင်သက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်သောကြောင့် ငြိမ်းချမ်းစွာနဲ့ နေရပ်အမြန်ပြန်လိုကြောင်း နှင့် မပြန်ခင်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ပြောပါသည်။

Show More

Related Articles

Back to top button