လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအစီစဉ် ပါဝင်ခဲ့သော နောင်မွန် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး တရားစွဲခံရ

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီစဉ်တွင် ပါဝင်ခဲ့သော နောင်မွန်မြို့နယ်မှ ကချင် ခရစ်ယာန် ဓမ္မဆရာတော် ၃ ဦး ကို ပုဒ်မ ၅၀၅(က) ဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့စစ်တို့က တရားစွဲဆိုထားကြောင်း သိရသည်။

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်မြို့နယ်တွင် ပြီးခဲ့သော မတ်လ ၃ရက်နေ့က လူငယ်များဦးဆောင်ပြီး ‘မြန်မာနိုင်ငံ တရားမျှတမှုအမြန်ဆုံး ရောက်ရှိလာရေး’ ခေါင်းစဉ်ဖြင့် နောင်မွန်း ရိုးရာယဉ်ကျေးမှုခန်းမဆောင်တွင် ဂိုဏ်းပေါင်းစုံအထူးဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့ရာ ထိုအစီစဉ်တွင် တက်ရောက်ပါဝင်ခဲ့သော ခရစ်ယာန် ဓမ္မဆရာ ၅ဦးအနက် ၃ဦးကို ဇွန်လ ၂၇ရက်နေ့က တရားစွဲဆိုထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ပြည်သူ့စစ်နဲ့ စစ်ကောင်စီရဲ့ လက်ပါးစေ တို့ပူးပေါင်းပြီး မနေ့ကဘဲ တရာစွဲလိုက်တယ်လို့ သိရသည်။ တရားစွဲတာက ဆုတောင်းပွဲမှာ ဦးဆောင်ပြုလုပ်ခဲ့လို့တဲ့။ ဆုတောင်းပွဲပြုလုပ်တာက လူငယ်တွေဖြစ်တယ်။ လူငယ်တွေက KIA နဲ့ပူးပေါင်းပြီး PDF လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ဆက်စပ်မှုရှိတယ်ဆိုပြီး တရားစွဲတဲ့သဘောဟုတ်တယ်။ အမှန်တော့ ဆရာတွေက အစီအစဉ်မှာ လာရောက်ဆုတောင်းပေးတာဘဲရှိတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ လက်ပါးစေဟု ယူဆရသည့် ပူတာအိုဒေသခံ ဦးမယစ်ယောရှုနှင့် ဇာကွန်းဂျောင်းဆာရ်တို့က တရားလိုပြုလုပ်ကာ တရာစွဲဆိုထားသောကြောင့် ယနေ့ မေလ ၂၈ ရက်နေ့ နောင်မွန်မြို့မှ ပူတာအိုမြို့သို့ ရဲကားဖြင့် အမှုရင်ဆိုင်ရန် ခေါ်ဆောင်သွားသည်ဟု သူကဆက်ဆိုသည်။

ဆုတောင်းပွဲတွင် ပါဝင်မှုကြောင့် တရားစွဲဆိုခံထားရသည့် ဆရာတော် ၃ ပါး မှာ သိက္ခာတော်ရဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်) ၊ သိက္ခာတော်ရဆရာတော် ဇဂေါန်ထီန (ခရစ်တော်၏အသင်းတော်) ၊ သိက္ခာတော်ရဆရာတော် မဟောင်ဒီး (ရဝမ်နှစ်ခြင်း အသင်းတော်) တို့ဖြစ်သည်။

ထို့အပြင် နောင်မွန် KBC ဘုရားကျောင်းနှင့် အမှုတော်ဆောင်များကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ချိတ်ဆက်နေသူများဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့နှင့် USDP ပါတီဝင်များက စွပ်စွဲမှုများ ရှိခဲ့သည်။

Show More

Related Articles

Back to top button