Covid-19 Reportingသတင်း

KIO စစ်ဆေးရေးဂိတ်တွင် Covid-19 အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇွန်လ ၂၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိခဲ့သည့် အမျိုးသားကို လက်ရှိ ဆေးကုသမှုပေးနေကြောင်း KIO Covid-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

“ဇွန်လ ၂၀ ရက်နေ့က မြစ်ကြီးနားကနေ ဝင်လာတဲ့ အမျိုးသားတစ်ယောက်မှာတွေ့တာပေါ့နော် အဲနောက်ပိုင်းတော့ မတွေ့သေးဘူး လိုင်ဇာမှာရော၊ မိုင်ဂျာယန်မှာရော ပိုးတွေ့သူ မရှိဘူး” ဟု ပြောသည်။

လိုင်ဇာမြို့တွင် လက်ရှိကွာရန်တင်းဝင်ရောက်နေသူ ၂၀၃ ဦး၊ မိုင်ဂျာယန်ကွာရန်တင်းစင်တာတွင် ၂၃ ဦး စုစုပေါင်း ၂၂၆ ဦး ကွာရန်တင်း ဝင်ရောက်နေကြောင်းလည်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိလှိုင်း ပြန်လည်မြင့်တက်လာသည်နှင့်အမျှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နေရာတွင်လည်း ရောဂါကူးစက်ပြန့်ပွားမူမရှိစေရန် လူအဝင်ထွက်များအား သေချာစီစစ်နေကြောင်း သိရသည်။

“လူအဝင်ထွက်ကတော့ ဆေးစစ်မှု ခံယူစေပြီးတော့ ပုံမှန်ဝင်ထွက်သွားလာခိုင်းပါတယ်။ ဒါပေမယ့် ကျောင်းတက်မယ်ဆိုတဲ့ ကလေးတွေ၊ ကျောင်းသား၊ သူတွေကိုတော့ အများဆုံးတစ်ပတ်လောက်နေခိုင်းတယ်။ ကျနော်တို့ KIA ထိန်းချုပ်ရာနယ်မြေမှာ Covid-19 နဲ့ပတ်သက်ပြီး ကူးစက်ပြန့်ပွားမှုမဖြစ်အောင် စည်းကမ်းပိုင်းတွေရော၊ လူအင်အားရော အရင်ကထက်ပိုမို တင်းကြပ်ပြီးဆောင်ရွက်နေပါတယ်” ဟု ဗိုလ်မှူးကြီး ဟိန်းဝမ်ကပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေအတွင်း ယခင်က ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ မရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလမှ ဇွန်လ ၂၀ ရက်နေ့ထိ ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိသူ ၁၄ ဦးရှိလာပြီ ဖြစ်သည်။

ဇွန်လ ၁၄ ရက်နေ့မှစတင်ပြီး  KIO နယ်မြေသို့ ဝင်လာသူများသည် ကိုဗစ်-၁၉ ဆေးစစ်ဆေးမှု ခံယူရသည်အပြင်၊ ကွာရန်တင်း (၁၄)ရက်တိတိ ဝင်ရောက်ရကြောင်း သိရသည်။

KIO နယ်မြေတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ လူဦးရေ ၆၀၀၀ ကျော်ထိရှိပြီဖြစ်ကြောင်းလည်း သိရပါသည်။

Show More

Related Articles

Back to top button