တိုက်ပွဲသတင်း

မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

KIO ဗဟိုဌာနချုပ်အနီးသို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များသည် KIA ထောင်ထားသော မိုင်းနင်းမိ ထိခိုက်ခဲ့သောကြောင့် ယမန်နေ့ညက KIA တပ်ရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၃ ရက်နေ့က မိုင်းနှင်းမိပြီး ထိခိုက်မှုရှိသောကြောင့် ယမန်နေ့ည ၈ နာရီခန့်တွင် KIA ရှိရာတပ်များသို့ လက်နက်ကြီး ၁၂၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“မနေ့က နေ့လယ်လောက်မှာ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကို သူတို့ဘက်က လာနင်းမိလို့ ထိခိုက်တာရှိမှာပေါ့။ ဒါကြောင့် Hangkai Bum နဲ့ Hpun Pyen Bum က စစ်တပ်တွေက ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကျနော်တို့ တပ်ရင်း ၂၄၊ ၁၉ နဲ့ ၂၅ ဘက်ကို ဒီအတိုင်း ပစ်ထည့်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ ဒေါ့ဖုန်းယန် (Daw Hpum Yang) တပ်စခန်း၊ ဖွန်းပန်ဘွမ့် (Hpun Pyen Bum) စခန်းနှင့် ခယာဘွမ့် (Hkaya Bum) တို့မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကြီး ပေါက်ကွဲသံ ၅ ကြိမ် ၆ ကြိမ်ခန့်ကို လိုင်ဇာမြို့မှ ရှင်းလင်းစွာ ကြားခဲ့ရကြောင်း လိုင်ဇာမြို့ခံ များပြောသည်။

သို့သော် ထို လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ထပ်မံ သိရသည်။

KIO ဗဟိုဌာနချုပ်အနီး ခယာဘွမ့် (Hkaya Bum) ၊ ဘွမ်ရေဘွမ့် (Bumre Bum)၊ ဖွန်းပန်ပွန့် (Hpun Pyen Bum) များတွင် အာဏာသိမ်းစစ်ကောင်စီ အင်အားအလုံးအရင်းချထားသောကြောင့် ပြင်းထန်သော တိုက်ပွဲများဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား ယခုအပတ်တွင်း ပြင်းထန်သော တိုက်ပွဲ မရှိကြောင်း သိရသည်။

Related Articles

Back to top button