တိုက်ပွဲသတင်း

စစ်ကောင်စီ တင့်ကားတင် သင်္ဘောများ ရွှေကူမြို့အနီး ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်း ကသာမြို့နယ်ဘက်မှ ယနေ့ နံနက် တင့်ကားများတင်ဆောင်လာသော စစ်ကောင်စီ၏ သင်္ဘော ၇ စီးသည် မွန်းလွဲ ၂ နာရီခန့် ရွှေကူမြို့အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ရွှေကူမြို့မရောက်မှီ ၃ မိုင်ခန့်ဝေးသည့် ရွှေဘုံသာကျေးရွာ သင်္ချိုင်းရှေ့တွင် ပစ်ခတ်ခံရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“သင်္ဘောက ၇စီးစလုံး ​ရွှေကူဘက်ကို ဆန်တက်လာတာဖြစ်တယ်။ ရွှေကူမြို့ မရောက်ခင် ပစ်ခတ်တဲ့အဖွဲ့က ရွှေဘုံသာကျေးရွာက နေလှမ်းပစ်လိုက်တယ်တဲ့။ ရှေ့က တစ်စီးက မှန်သွားတယ်လို့သိရတယ်။ ၇ စီးလုံးကို ပစ်ဖို့တော့ မလွယ်ဘူးလို့ပြောတယ်။ ကျန်တာအသေးစိတ်က မသိရဘူး”ဟု ပြောဆိုသည်။

ပစ်ခတ်သည့်အဖွဲ့အစည်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ တင့်ကားတင် သင်္ဘောများသည် ပြီးခဲ့သည့် ၂ ရက်ခန့်က မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ကြောင်း မြစ်ကြောင်း တစ်လျှောက်ဒေသခံများက KNG ကို သတင်းပေးပို့မှုများ ရှိခဲ့သည်။

စစ်ကိုင်း ကချင် နယ်စပ် ကသာမြို့နယ်နှင့် ရွှေကူမြို့နယ်သည် ကချင်ပြည်နယ်သို့ အာဏာသိမ်းစစ် အင်အားတိုးချဲ့လာရာတွင် ရေကြောင်းနှင့် ကားလမ်းအသုံးပြုကာ ဖြတ်သန်းသွားသော နေရာဖြစ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသော နယ်မြေ ဖြစ်သည်။

Show More

Related Articles

Back to top button