Covid-19 Reportingစစ်ပြေးဒုက္ခသည်များသတင်း

Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှုလိုအပ်နေ

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရှိ KBC စစ်ရှောင်စခန်းတွင် Covid-19 ပိုးတွေ့လူနာ ၄ ဦးအထိရှိလာပြီး စခန်းကို Lockdown ချထားသောကြောင့် အစား‌အသောက်ထောက်ပံ့မှု လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

“အစားအသောက်ထောက်ပံ့တာတွေက နည်းနည်းပါးပါးတော့ လာကြတယ်။ ဒါပေမယ့် စစ်ရှောင်က အရမ်းများတဲ့ချိန်ကျတော့ ဘယ်လိုမှ မလောက်ဘူး ခုဆိုရင် ရောဂါကြောင့် တစ်လတိတိ စခန်းကို Lockdown ချထားတယ်” ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

မိုင်းနား KBC စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းများအနက် လူဦးရေအများဆုံးဖြစ်ကာ အိမ်ထောင်စုအားဖြင့် (၅၃၂) အိမ်ထောင်စုရှိပြီး၊လူဦးရေ (၂၉၁၆)ဦးရှိသည်။

ယခင်က စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦးလျှင် တစ်လ တစ်သောင်းခွဲ ရရှိနေသော်လည်း ဇူလိုင်လအတွက် ထောက်ပံ့စရိတ် မရရှိသေးကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ပိုးတွေ့လူနာ ၂ ဦး၊ ၂၅ ရက်နေ့တွင် ၂ ဦး ပိုးတွေ့ခဲ့သောကြောင့် လက်ရှိ မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပိုးတွေ့လူနာ ၄ ဦး ရှိလာပြီ ဖြစ်သည်။

” ပိုးတွေ့လူနာရဲ့ အဆောင်နဲ့ နီးတဲ့အဆောင်တွေ ဥပမာ အဆောင် ၃၁ မှာ တွေ့ရင် အဆောင် ၃၀၊ ၃၂၊ ၃၃ ကပ်ရပ်အဆောင်တွေရော စခန်းတွင်း အပေါ့အပါးသွားရုံကလွှဲပြီး အပြင်မထွက်ဖို့ ထပ်ပြီး ကန့်သတ်ထားတယ်။ ဘာလို့လဲဆိုရင် စခန်းမှာက လူများတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက် အတိုင်း လုပ်ထားပါတယ်” ဟု စခန်းတာဝန်ခံက ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းထန်လာသည့်အတွက် အဆိုပါ စစ်ရှောင်စခန်းအား  ဇူလိုင်လ ၂၁ ရက်နေ့မှစကာ Lockdown အဖြစ်ချမှတ်ထားကြောင်း သိရသည်။

Show More

Related Articles

Back to top button