တိုက်ပွဲသတင်း

မုံးကိုး မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ထပ်မံဖြစ်ပွား

မြန်မာ တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံကျေးရွာကြားမှာ ယနေ့ နံနက် ၁၁ နာရီခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ စစ်မြေပြင်အနီးမှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ခုလေးတင် အသံပြန်ကြားနေရတယ်။ လက်နက်ကြီး။ အမြှောက်ကြီး။ နှစ်ခါ သုံးခါ ကြားနေရပြီ။ ခုလည်း တော်တော် ပစ်နေကြတယ်။ လက်နက်အကြီး၊ အသေး အသံ တော်တော် ကြားနေရတယ်။” ဟု နှစ်ဖက် ပစ်ခတ်မှု ပြင်းထန်လာနေကြောင်း သူက ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သော ကောင်းဒပ် ရွာ နဲ့ ကောင်းလုံကြားဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းတိုးဝင်လာတဲ့အတွက် ယနေ့မှာလည်း အဲဒီနေရာမှာပဲ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

“မနေ့က ဖြစ်တဲ့နေရာပဲ။ ဒီမနက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတက်လာလို့ မနေ့က နေရာမှာပဲ ပြန်ဖြစ်တာ။ စစ်ကောင်စီတပ်က မုံးကိုးဘက်က တက်လာတာ ကောင်းဒပ်ကို နည်းနည်း ကျော်လာတာနဲ့ အသံကြားလာတာ။ ဒီမနက်တော့ အင်အား ၆၀ ခန့် ပြန်လှုပ်ရှား တက်လာတယ်။” လို့ သူက ထပ်မံ ရှင်းပြပါတယ်။

ယမန်နေ့ တိုက်ပွဲမှာ ကိုးကန့်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်ရှိနေတဲ့ နေရာကိုမရောက်ဘဲ လယ်ကွင်းမှာ ကျွဲကျောင်းသူ လူငယ်တစ်ဦးကို လက်နက်ကြီးကျည်စ စင်မိသွားပေမယ့် မပြောစလောက် ဒဏ်ရာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားရာ ကောင်းလုံအုပ်စုဘက်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ နဲ့ ၂၉ တို့ မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် အကျအရှုံးများခဲ့သော နေရာလည်း ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အနီးနား ကျေးရွာပေါင်း ၇ ရွာခန့်က ဒေသခံ ပြည်သူ ၇၀၀ ကျော်ဟာ မုံးကိုးမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button