Covid-19 Reportingသတင်း

ICRC မှ Covid-19 ကာကွယ်ရေးပစ္စည်းများကို KIO သို့ သွားရောက်ကူညီ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ပြည်သူများအတွက် လိုအပ်သော Covid-19 ကာကွယ်ရေး အသုံးဆောင်ပစ္စည်းနှင့် ဆေးဝါးများကို ICRC – International Committee of the Red Cross မှ စက်တင်ဘာ ၂၈ ရက်နေ့ လာရောက်ပေးအပ်ခဲ့ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ICRC မှ တိုက်ရိုက်သွားရောက်ပေးအပ်ခြင်းမဟုတ်ဘဲ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှတဆင့် မိုင်ဆပ်ပါ Quarantine Center တွင် သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ICRC မှာ တာဝန်ကျတဲ့သူတွေကိုယ်တိုင် ဒီမှာလာပြီး ကိုဗစ်ကာကွယ်ရေးကော်မတီတွေနဲ့ တွေ့ဆုံပြီး ပြောချင်တယ် လာချင်တယ်။ တာပေမဲ့ သူတို့ကို ခွင့်မပြုတဲ့အတွက် သူ့တို့ကိုယ်စား ကျနော်တို့ PCG အနေနဲ့ ကြားကနေလာရင်တော့ ရတယ်ဆိုလို့ ကျနော်တို့ ICRC အားလုံးကိုယ်စား ကူညီလိုက်တဲ့ဆေးဝါးတွေကို လာအပ်တာဖြစ်တယ်။” ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက KIO ‘Alen Yang TV’ သတင်းတွင် ပြောဆိုထားသည်ကို တွေ့ရသည်။

ICRC – International Committee of the Red Cross အနေဖြင့် KIO အစိုးရထံ Covid-19 ကာကွယ်ရေးပစ္စည်း ပေးအပ်သည်မှာ ၁ နှစ်ကျော်အတွင်း ၃ ကြိမ်မြောက် ရှိပြီဟု သိရသည်။

လက်ရှိ လက်ခံရရှိသည့် ကိုဗစ်ကာကွယ်ရေး အသုံးအဆောင်နှင့် ဆေးဝါးများကို KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ဗဟိုဌာနချုပ်တွင် ပို့ဆောင်အသုံးပြုနေကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“များသောအားဖြင့် PPE ၊ အရက်ပြန် ၊ နှခေါင်းစည်း Mask ၊ ပိုးသတ်ဆေး ၊ လက်သန့်ဆေး နှင့် အခြား ဆေးတွေကိုရတာဖြစ်တယ်။ ကျနော်တို့ ဒီမှာလဲ သုံးတယ်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလဲ ပို့ပေးတယ်။ ကျနော်တို့ ဌာနချုပ် မှာလဲ လိုသလောက်တော့ ရောက်တယ်။ ကျနော်တို့အနေနဲ့လည်း လိုအပ်တာတွေရှိရင် ICRC ကို ကူညီပေးပါဆိုပြီး အခုတလော ရောဂါအဖြစ်များလာလို့ ပြန်ပြီး ကူညီထောက်ပံ့တာဖြစ်တယ်။” ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင်လခန့်က ကူးစက်မှုအမြင့်ဆုံးရောက်ခဲ့သော်လည်း KIO က ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးနောက် ယခုချိန် ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီ ဟု သိရသည်။

Show More

Related Articles

Back to top button