လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မုံး‌ကိုး ဖောင်းဆိုင် တိုက်ပွဲကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဘက်မှာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်ခန့်ကစ နေ့လည်ပိုင်းအထိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ဖောင်းဆိုင်ဒေသခံ  ၂ ဦး ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက် ဖောင်းဆိုင်ဈေးရွာက အသက် ၆၀ ခန့်ရှိ ဦးရင်မင့်ကန် ဆိုသူ တရုတ်လူမျိုး အမျိုးသား ၁ ဦး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လက်နက်ကြီး ကျည်စ ထိမှန် သေဆုံးခဲ့တယ်။ သူ့မြေးဖြစ်တဲ့ ကလေး ၁ ယောက်နဲ့ ဦးဖုတ်ဂျောင်ခေါင်းဟောင် ဆိုသူတို့က ထိခိုက်ဒဏ်ရာ ပြင်းထန်လို့ မူဆယ်ဆေးရုံကိုပို့ပြီး ဆေးကုနေရတယ်။” ဟု ဒေသခံ ၁ ဦးက ပြောသည်။

ယနေ့ နံနက် အစောပိုင်း ဖောင်းဆိုင်ကျေးရွာအနီး မန်းယန်ရွာ နှင့် ဘန်မွေးရွာဘက်တွင် တိုက်ပွဲ ပြင်းထန်‌ခဲ့သောကြောင့် ဆုတောင်းတောင်ရှိ အဖွဲ့က ဖောင်းဆိုင်ရွာဘက်ရှိ စစ်ကောင်စီတပ်ကို တန်ပြန် ပစ်ခတ်ရာတွင် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၅ နာရီ မထိုးခင်ကတည်းက တောက်လျှောက် သေနတ် ပစ်သံတွေ ကြားနေတယ်။ ၁၁ နာရီ ဝန်းကျင်ထိ။ လက်နက်ကြီးကတော့ တောက် လျှောက် ပစ်နေတယ်။ မနေ့ညလည်း ည သန်းခေါင်မှာလည်း ပစ်နေတာပဲ။ မနေ့ညနဲ့ ဒီမနက်တော့ တော်တော်ပြင်းထန်တယ်။” လို့ မုံးကိုး ဒေသ ခံ ၁ ဦးကလည်း ကပြာပါတယ်။

မုံးကိုး နှင့် မူဆယ်မြို့နယ် လမ်းတလျှောက်နေရာအနှံ့တွင် လက်ရှိစစ်ကောင်စီတပ်များရှိ‌နေပြီး ကျေးရွာလူထုကြားတွင် စခန်းချ နေကြောင်း သိရသည်။

စစ်ကောင်စီဘက်က စစ်ကား ၄၀ ကျော် စစ်ကူရန် မုံးကိုးဘက်သို့ ချီတက်လာနေပြီး မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်တန်းကို လက်နက်ကြီးကျည် ၅၀ ကျော်ခန့်၊ သေနတ်ပစ်ဗုံးသီး၂၀ ကျော်နှင့် စက်သေနတ်‌များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပြင် ကိုးကန့် MNDAA တပ်စခန်းရှိရာနေရာများကိုလည်း ဒရုန်းလွှတ် ထောက်လှမ်းခဲ့ကြောင်း ကိုးကန်းဘက်က သတင်းထုတ်ပြန်ထားသည်။

ဖောင်းဆိုင်ဒေသတွင် တိုက်ပွဲကြောင့် လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူ ၃ ဦးရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၃ ဦးအထက် ရှိပြီ ဖြစ်သည်။

Show More

Related Articles

Back to top button