လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရေဦးမြို့နယ် အင်တော်အုပ်စု အထက်တန်းကျောင်း ကော်မတီဝင် ၂ဦးကို စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောအုပ်စု အင်တောကျေးရွာမှ ကျောင်းကော်မတီဝင် ၂ ဦးအား စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံရင်းမြစ်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

” အမှန်တော့ အဲရွာက တစ်ရွာလုံးနီးပါး စစ်ရှောင်နေတာ။ အဲဒါ ကျောင်းကော်မတီဝင် နှစ်ယောက်က ရွာထဲကို ရိက္ခာပြန်ယူတာ။ အဲမှာစစ်ကောင်စီတပ်က ပစ်သတ်သွားတယ်ဆိုတာတော့ သိရတယ်။ ဒီနေ့မှ စစ်သားတွေလည်း ရွာကထွက်သွားမှ မိသားစုဝင်တွေ အလောင်းကိုပြန်ရှာတာ စာသင်ကျောင်းနောက်ဘက်မှာ မီးရှို့သတ်ထားတာတွေ့ရတယ်” ဟု ဒေသခံရင်းမြစ်တစ်ဦးက ပြောသည်။

မီးရှို့ခံရသည့် ကျောင်းကော်မတီဝင် ၂ဦးသည် ဦးမောင်မြင့်(၄၅)နှစ်နှင့် ဦးတင်သောင်း(၄၀)နှစ်တို့ဖြစ်‌ကြောင်း သေဆုံးသူ နှစ်ဦးသည် ညီအစ်ကို ဝမ်းကွဲတော်စပ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ လဆန်းမှစတင်ကာ အင်တောရွာ အထက်တန်းကျောင်းတွင် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကာ ယနေ့မှ ရွာမှပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

” မနေ့က သတ်တာလား ဘယ်နေ့သတ်တာလဲဆိုတာတော့ တိတိကျကျ မသိရဘူး။ ဒီနေ့ စစ်သားတွေရွာက ထွက်သွားတဲ့နောက်မှ မီးရှို့ခံထားရတာ သူတို့နှစ်ယောက်မှန်း သိရတယ်။ တစ်ကယ်ရိုးသားတဲ့သူတွေကိုဗျာ လုပ်ရက်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲခြင်းများ ဒေသခံပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ဘေးရှောင်များလည်း ပိုမိုများလာဆဲဖြစ်သည်။

Show More

Related Articles

Back to top button