သတင်း

ကချင်ပြည်နယ်တွင် စက်သုံးဆီဈေး ထပ်မံမြင့်တက်လာနိုင်

ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ လမ်းခရီးသွားလာမူ ပိုမိုခက်ခဲသည့်အတွက် စက်သုံးဆီဈေးများ ထပ်မံမြင့်တက်လာနိုင်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
” ကျနော်တို့ မှာထားတဲ့ဆီကား‌တွေ မြစ်ကြီးနားကိုတစ်ခါ၀င်ဖို့အရမ်းခက်တယ် လမ်းတွေကပိတ် ကားခကစျေးကြီးတော့ စျေးကျဖို့တော့မရှိတော့ဘူး တတ်ဖို့ပဲရှိတယ် ဆီပြတ်မှာလဲ စိုးရိမ်တယ် ” လို့ မြစ်ကြီးနားမြို့မှ ဓာတ်ဆီ‌ရောင်းဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ မြစ်ကြီးနားမြို့တွင် ဓာတ်ဆီစျေးနှုန်း တစ်လီတာလျှင် ၁၀၀၀ ကျပ်၊ တစ်ဂါလံ ၆၀၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် ၁၁၃၃ ကျပ်၊ တစ်ဂါလံ ၆၈၀၀ ကျပ်ထိ ရှိခဲ့သည်။
သို့သော် ‌ဇန်နဝါရီလ လဝက်ခန့်မှစကာ လက်ရှိမြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီတစ်လီတာ လျှင် ၁၇၂၀ ကျပ် ၊တစ်ဂါလံ ၁၀၃၂၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာ ၁၈၁၀ ကျပ် ၊တစ်ဂါလံ ၁၀၈၆၀ ကျပ်အထိ ဖြင့် မြင့်တက်လာကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းရှင်များ၏ ပြောပြချက်အရ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်လည်း ဓါတ်ဆီ ၊ဒီဇယ်ဆီ ပြတ်လပ်သည့်အပြင် ကုန်စည်အဓိကပို့ဆောင်သည့် မြစ်ကြီးနား- မန္တလေး- ရန်ကုန် ပြည်ထောင်စုလမ်းမတွင် စစ်အာဏာသိမ်းပြီးနောက် နေ့စဉ်ဆိုသလို အချို့နေရာများတွင် တိုက်ပွဲများကြောင့် ကားလမ်းပိတ်ခြင်းများ၊ သက်ဆိုင်ရာ ဂိတ်များ မကြာခနပိတ်ဆို့ထားခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဆီမှာယူရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။
ထို့ပြင် ယင်းကဲ့သို့ သယ်ယူပို့ဆောင်ရန် ခက်ခဲလာသည့်အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ လယ်ပိုင်းမှ စ၍ ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ စက်သုံးဆီ သယ်ယူစရိတ်မှာ ယခင်ထက် နှစ်ဆမြင့်တက်လာ‌ကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ကျနော်တို့ အခုက ဆီဘောက်ဆာကားနဲ့ပဲ ငှားပြီး ဆီတွေကိုတင်တော့တယ် အရင်လိုဆီပေပါနဲ့ အတွဲလိုက် မတင်တော့ဘူး။ ဆီဘောက်ဆာထဲမှာ ဆီဘယ်နှစ်ပေပါဆိုပြီး သူတို့တွက်ပြီး မြစ်ကြီးနားကို ပြန်ချယူရတယ် လီတာနဲ့တွက်ပြီး စျေးဘယ်လောက်ဆိုပြီးတွက်ယူတယ် အဲတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အလယ်လောက်ကနေပြီး ဆီသယ် ကားခလည်း ၂ ဆ တတ်သွားတယ် အခုကဆီ၀င်ဖို့ အရမ်းခက်ခဲသွားပြီ ” ဟု မြစ်ကြီးနားမြို့မှ ဓာတ်ဆီလုပ်ငန်းရှင် တစ်ဦးက ဆက်ဆိုထားသည်။
ထို့ပြင် မန္တလေး၊ ရန်ကုန်တွင်လည်း စက်သုံးဆီများပြတ်လပ်မူရှိလာသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အလုအယှက်ဝယ်ယူနေရကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ်များတွင် စက်သုံးဆီ‌ဈေး မြင့်တက်နေသည့် ပြသာနာရင်ဆိုင်နေကြရသည့်အပြင် လမ်းခရီးသွားလာမှုခက်ခဲသည့် ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတွင်အာဏာသိမ်းစစ်ကောင်စီမှ ဂိတ်များတွင် ကားများ ဖြတ်သန်းသွားလာခွင့်ကို တင်းကြပ်ထားသည့်အတွက် ဓာတ်ဆီစျေးနှုန်းသာမက ကုန်ဈေးနှုန်းမြင့်တတ်မှုနှင့် မြင့်တတ်မှု ကြုံနေကြရသည်။
Show More

Related Articles

Back to top button