တိုက်ပွဲသတင်း

စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်

ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် နှစ်ညစခန်းချခဲ့သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘော အထက်ဝဲကြီးရွာအရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ရှော့တိုက်ဒုန်းဖြင့် စောင့်ကြိုပစ်ခတ်မှုကို ခံရကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် မိုးတားလေးကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောကို သံပုရာကုန်းရွာနှင့် အထက်ဝဲကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သဘော်စုန်လာတော့ ကျနော်တို့အဖွဲ့ကနေပြီး ရှော့တိုက်ဒုန်းနဲ့ပစ်လိုက်တော့ ‌သဘော်ရဲ့ ခလယ်ခေါင်အနောက်နားလေးကို မှန်သွားတယ် သဘော်ကလည်းနှစ်ပတ်လောက်လည်ပြီး မီးခိုးတွေထွက်လာတယ်။ အဲမှာကျနော်တို့က ၇၉ ကျည်နဲ့ပြန်ပစ်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေပြန်ထုလာလို့ ကျနော်တို့ ပြန်ဆုတ်လိုက်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ မတ်လ ၂၄ ရက် ည ၉ နာရီခန့်တွင်လည်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြား၌ သင်္ဘောလုံခြုံရေးယူထားသည့် ခြေလျှင်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်မှ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကသာအထက်ပိုင်း ဗန်းမော်၊ ရွှေကူနယ်တစ်ဝိုက်တွင် မတ်လ ၁၄ရက်နေ့မှစကာ နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်၏ ရိက္ခတင်သဘော်အပြင်လုံခြုံရေးယူပေးသည့် ခြေလျင်စစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

“သူတို့က သဘော်အဆန်ဆိုရင် ရိက္ခာတွေပါတယ် အဆန်ကျပြန်တော့လည်း စစ်အင်အားချိန်းတဲ့ဟာတွေပါတယ် အဲတော့ ကျနော်တို့ဘက်ကအမြဲပြင်ဆင်ထားပြီး အခွင့်ရေးရရင် ရသလို တိုက်ဖို့ပြင်ဆင်ထားပြီးသားပါ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ ကသာနယ်အထက်ပိုင်း မြစ်ကြောင်းတစ်လျှောက်သည် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရာတွင် အဓိကအသုံးပြုသည့် ရေကြောင်းတစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှလည်း ယခင်ထက်လုံခြုံရေးအင်အား တိုးမြင့်လာကြောင်း သိရသည်။

Show More

Related Articles

Back to top button