တိုက်ပွဲသတင်း

တနိုင်း တရုန်ကျေးရွာအနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

တနိုင်းမြို့နယ် တရုန်ကျေးရွာသို့ တပ်ချိန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ ယနေ့ ၁၂ နာရီဝန်းကျင်ခန့်တွင် တရုန်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တရုန်ကျေးရွာ၏ တရုန်ချောင်းကူးတံတားပေါ်တွင် တပ်စွဲထားသည့် တပ်စခန်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ရန် တနိုင်းမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တရုန်ချောင်းအနီးတွင် KIA နှင့် PDF အဖွဲ့က ၄ကြိမ်ထက်နည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောဆိုသည်။

“မိုင်းခွဲတိုက်ခိုက်တာက ၁၂ နာရီကျော်လောက်မှာ ဖြစ်တယ်။ တပ်ချိန်းဖို့ရန်အတွက် တနိုင်းဘက်က တက်လာတဲ့ စစ်ကြောင်းဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ မိုင်းခွဲတိုက်ခိုက်ရုံလောက်ဘဲ။ ဗမာစစ်သားဘက်ကတော့ ရှေ့မှာတင် ၅ယောက်ပွဲချင်းပြီး ဆုံးသွားတာတွေ့ရတယ်။ နောက်ထိခိုက်တာတော့ အသေးစိတ်ပြောလို့ မရဘူး။ ထိခိုက်မှုတော့ရှိတယ်” ဟု ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုအပတ် မတ်လ ၂၄ ရက်နေ့ တိန်ကောက်ကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော ခလရ ၂၆၀ တပ်ရင်းမှ စစ်သားများဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၄ ရက်နေ့ တနိုင်းမြို့အဝင် ၈ မိုင် လမ်းတောင့်တစ်နေရာတွင် ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“သူတို့က တပ်ချိန်းဖို့အတွက် တနိုင်းဘက်ကတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်တယ်။ ဟိုကနေ တက်လာတာ ၂ရက် လောက်ရှိပြီ။ ဒီနေ့မှ ဒီကိုရောက်တာပေါ့။ လမ်းမှာ ၂ ရက် အိမ်ခဲ့တာ ထင်တယ်။ လမ်းမှာလည်းတစ်ကြိမ် ကျနော်တို့ဘက်က တိုက်ခိုက်တဲ့တာဟုတ်တယ်” ဟု ပြောဆိုသည်။

တရုန်ချောင်းတံတားအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး တရုန်ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောဆိုထားသည်။

“လက်နက်ကြီး လက်နက်ငယ်သံ ကြားရတာက မိနစ် ၂၀လောက်ရှိတယ်။ ရွာသားတွေက ၂ ဖက်တပ် တိုက်ပွဲဖြစ်တယ်လို့ဘဲ ထင်ကြတယ်။ တနိုင်းဘက်ကနေ တက်လာတဲ့ စစ်သားတွေကို KIA က မိုင်းခွဲတိုက်ခိုက်တယ်လို့ဘဲ သိရတယ်။ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်တာမျိုးတော့ မရှိပါဘူး။ ခဏဆိုပြီ ငြိမ်သွားလို့လေ” ဟု ပြောဆိုသည်။

အဆိုပါ တရုန်တံတားပေါ်တွင် တပ်ချထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် သွားရောက်တိုက်ခိုက် ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က စက်တင်ဘာလတွင် ထပ်မံ စခန်းချနေထိုင်နေခြင်းဖြစ်သည်။

ထိုနည်းတူ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း တရုန်၊ ဒခက် စသောကျေးရွာ ၂ခုတွင်လည်း တနိုင်းဘက်မှ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် ၁၀ ရက်ခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။

 

Show More

Related Articles

Back to top button