မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ

ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုအများအပြားရှိနေသော်လည်း လက်လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေသော အာလမ်(ALAM) ကျေးရွာတစ်ခုကိုသာ စစ်ကောင်စီတပ်က ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူတစ်ဦးက ထောက်ပြ ပြောဆိုသည်။

မြစ်ကြီးနားမြို့ရှိ အာလမ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ လက်လုပ်လက်စားရွှေတူးဖော်မှုများနှင့် စက်ယန္တရားအချို့ကို စစ်ကောင်စီတပ်မှ မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အာလမ်ကျေးရွာတစ်ခုကိုသာကွက်ပြီး ဖမ်းဆီးနေမည့်အစား အမှန်တကယ် စက်ယန္တရားကြီးများဖြင့် တူးဖော်နေသော နေရာအများစုကိုလည်း ဖမ်းဆီးသင့်သည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူ ပြည်သူ တစ်ဦးက KNG ကို ယခုလို ပြောသည်။

“သူတို့လုပ်တာက လွဲနေတယ်။ အာလမ်ကျေးရွာဆိုတာက စက်ကြီးနဲ့ တူးတာက မရှိသလောက်ပဲ တစ်ခုလောက်ပဲရှိတယ်။ အားလုံးက ဒေသခံပြည်သူတွေ လက်လုပ်လက်စား စက်အသေးနဲ့ပဲ တူးဖော်နေတာဖြစ်တယ်။ မြစ်ကြောတစ်လျှောက် စက်ကြီးနဲ့ ဒီလောက်တူးနေတဲ့သူတွေ အများကြီး၊ အင်မိုင်ခဘက်၊ ဝိုင်းမော်ဘက် နဲ့ ဟိုဘက် နောင်းနန်းဘက် အဲ့လိုနေရာတွေက စက်ကြီးတွေနဲ့ တူးဖော်ကုန်တော့မယ်။ အဲ့လိုနေရာတွေကိုတော့ မဖမ်းပဲ အခုက ဘာမဟုတ်တဲ့ ဒေသခံတွေပဲ လက်လုပ်လက်စား၊ စက်အသေးစားနဲ့ တူးနေတာကိုပဲ ကွက်ပြီးလာဖမ်းနေတာ မတရားဘူးလို့မြင်တယ်။ သူတို့လုပ်နေတာ တလွဲဖြစ်နေတယ်လို့ မြင်တယ်။” ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်နေသူ ပြည်သူတစ်ဦးက ပြောသည်။

မတ်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးရာတွင် အာလမ်ကျေးရွာမှ ဘက်ဖော ၂ စီး အပါအဝင် ဒေသခံပြည်သူများ၏ တစ်လုံးထိုးစက် ၁၀ လုံးကျော် သိမ်းဆည်းသွားပြီး ဒေသခံ ၅ ဦးကိုလည်း ဖမ်းဆီးထားသည်။

ထို့အပြင် မတ်လ ၂၆ ရက်ညအထိ မြစ်ကမ်းဘေးတွင် ရဲနှင့်စစ်သားကို တပ်ချထားသည်ဟု သိရသည်။

“သူတို့သိမ်းထားတဲ့ ဖောင်တွေ မသယ်ယူသွားသေးတာရှိသေးတယ်။ သူတို့ ညလည်း အဲ့မှာပဲ စောင့်အိပ်တယ်။ မနေ့ကတော့ စစ်သားတစ်ချို့ ကားအစီး ၂ စီးလောက်နဲ့တော့ တစ်ခါ လာသယ်သိမ်းယူသွားပြီးပြီ။ အခု ရဲနဲ့ စစ်သားတွေ ရှိသေးတယ်။ အခုသူတို့သိမ်းယူလို့ မကုန်သေးလို့ စက်အသေးတွေ ထပ်ဖြုတ်ယူဖို့ ကျန်နေသေးတော့။ကျနော်တို့ရွာသားတွေလည်း အဲ့အထဲသွားလို့မရဘူး။ ကားလမ်းထိတောင် ဝင်လို့မရဘူးဖြစ်နေတယ်။ သူတို့က တားမြစ်ထားတော့။” ဟု အာလမ်ဒေသခံ တစ်ဦးက KNG ကို ပြောသည်။

လက်ရှိ မြစ်ကမ်းဘက်ကို လာရောက်စူးစမ်းကြည့်ရှုသောပြည်သူများကိုလည်း သွားလာခွင့်ပိတ်ပင်ထားပြီး အချို့ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ မောင်းထုတ်လိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

အာလမ်ကျေးရွာပြည်သူများ၏ အသေးစား ရွှေတူးစက်များနှင့် ဖောင်များကို အထက်အမိန့်အရ အထက်သို့ တင်ပြရမည်ဟု ဆိုကာ မြစ်ချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ပြောသည်ဟု ဒေသခံများ ဆိုသည်။

အာလမ်ကျေးရွာတွင် ဘတ်ဖော်ဖြင့် ရွှေတူးဖော်သူ တစ်ဦးရှိပြီး အများစုမှာ ဒေသခံပြည် လက်လုပ်လက်စား အသေးစားလုပ်ကွက်ဖြင့် ရွှေတူးဖော်နေသူများဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်မှ အမှန်တကယ် မြစ်ကြောင်းရှင်းလင်းရေး နှင့် ရွှေတူးဖော်သူများအား ဖမ်းဆီးမည်ဆိုပါက ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်  စက်ယန္တရားကြီးများနဲ့ တူးဖော်ဖျက်ဆီးနေသော လုပ်ငန်းရှင်းကြီးများကိုသာ သိမ်းဆည်း ဖမ်းဆီးသင့်ကြောင်း ဒေသခံပြည်သူတစ်ဦးကလည်း ယခုလို ထောက်ပြပြောဆိုသည်။

“အမှန်တကယ် သဘာ၀ပတ်ဝန်းကျင်နှင့် ဧရာ၀တီမြစ်ကို ကာကွယ်ချင်လို့ ဖမ်းဆီးမယ်ဆိုရင် အမှန်တကယ် ကုမ္မဏီကြီးတွေနဲ့ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတဲ့သူတွေ ဧရာ၀တီမြစ်ကြောတစ်လျှောက် မြစ်ဖျား၊ မြစ်၀ တောက်လျှောက် ဖမ်းရင်တော့ ကောင်းတာပေါ့။ အခု အာလမ်ကျေးရွာကိုပဲ ကွက်ပြီး ဖမ်းတာက မြစ်ကြောင်းကာကွယ်တာ၊ သဘာ၀ပတ်ဝန်းကျင် ကာကွယ်တာမဟုတ်ဘူး။ ဘာကြောင့်ပြောနိုင်လဲဆိုရင် ဒီရွာသားတွေပဲ ဝမ်းစာအဖြစ် တူးဖော်နေတာ၊ အရမ်းကြီးစက်ကြီးတွေနဲ့ တူးနေတာမဟုတ်လို့ပဲ။ အခုက ခက်ခက်ခဲခဲ စက်အသေးလေးနဲ့ပဲ လုပ်ကိုင်နေတာ ပြောင်းပြန် ပြန်နစ်နာခံစားရတာပေါ့ ရွာသားတွေက။” ဟု အာလမ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ဆုံအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နှစ်ဖက်စလုံးတွင် စစ်တပ်နှင့် ဆက်နွယ်သော လုပ်ငန်းရှင်များ၊ ပြည်သူ့စစ်များက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်လာခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button