သတင်း

ဆီဆိုင်များ ထပ်မံ ပိတ်ထားရ

မြစ်ကြီးနားမြို့တွင် ယနေ့အထိ ဆီပန့်ဆိုင်အချို့ ပိတ်ထားရကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက အမေရိကန်ဒေါ်လာကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဧပြီလ ၁၉ ရက်နေ့ကစပြီး စက်သုံးဆီ အရောင်းဆိုင်များမှာ ဆီမရှိတော့ကြောင်းသတင်းများထွက်ပေါ်လာပြီး ပြည်သူများအလုအယှက်ပြေးဝယ်ရသည့် အခြေအနေရောက်သွားခဲ့ခြင်း ဖြစ်သည်။

“ဆီကတော့ မနေ့က အလုအယှက်ပဲ လာဝယ်ကြတယ်။ ညမိုးချုပ်ထိပဲ လာဝယ်ကြတယ်။ ကျနော်တို့က သင်္ကြန် မတိုင်ခင်က ဆီထပ်ပြီး မမှာထားဘူးလေ။ လက်ကျန်လောက်ပဲ ရောင်းနေတာ။ ဆီလဲ ကုန်ခါနီး ဈေးတွေကလည်း ခွတတ်တော့တာပဲ။ ဆီပန့်မှာ ရှိတဲ့ ဆီတွေအားလုံးရောင်းလိုက်ပြီ။ အိမ်မှာ သုံးဖို့ ကားတွေ မှာ ဆီဖြည့် ထားပြီး ဂါလံပုံးတွေမှာ ထည့်ထားတယ်။ ဆီပန့်မှာတောင် ဆီမရှိတော့ဘူး။ လေတောင် ခိုသွားပြီ။ ဒီနေ့ကစပြီး ဆိုင်ပိတ်ထားလိုက်ပြီ။” ဟု မြစ်ကြီးနားမြို့မှ ဓာတ်ဆီ‌ရောင်းဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက KNG ကချင်သတင်းဌာန ကို ပြောသည်။

လွန်ခဲ့သည့် သင်္ကြန်မတိုင်မီက မြစ်ကြီးနားမြို့တွင် ဓာတ်ဆီဈေးနှုန်း တစ်လီတာလျှင် ၁၇၂၀ ကျပ်၊ တစ်ဂါလံ ၁၀၃၂၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် ၁၈၁၀ ကျပ်၊ တစ်ဂါလံ ၁၀၈၆၀ ကျပ်ထိ ရှိခဲ့သည်။

သို့သော် ‌ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီ တစ်လီတာ လျှင် ၂၂၂၀ ကျပ် ၊ တစ်ဂါလံ ၁၁၁၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာ ၂၅၀၀ ကျပ် ၊ တစ်ဂါလံ ၁၂၅၀၀ ကျပ်အထိ ဖြင့် မြင့်တက်လာကြောင်း သိရသည်။

လက်ရှိ မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ထားသော ဆီပန့်ဆိုင်များတွင် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးလျက် ရှိသည်။

စက်သုံးဆီ ဈေးနှုန်း မြင့်တတ်လာသည်နှင့်အမျှ အခြေခံ စားသောက်ကုန် ဈေးနှုန်းများပါ ထပ်မံမြင့်တတ်လာမည်ကို စိုးရိမ်ရကြောင်း မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှ ဒေါ်စိုးက ပြောသည်။

“မနေ့က သူများတွေ ဆီအလုအယှက်သွားဝယ်နေတာ တွေ့တော့ ကျမလည်း အိမ်မှာ သုံးဖို့ ဘယ်လောက်ရရ ဝယ်ထားမယ်ဆိုပြီး သွားတာ။ ညမိုးတောင် ချုပ်ခါနီးမှ ၁ သောင်းဖိုးပဲ ဝယ်ခဲ့ရတယ်။ ၁ သောင်းဖိုး နဲနဲလေးပဲ။ အကန့်အသတ်နဲ့ရောင်းတာတဲ့ ပိုဝယ်လည်း မရောင်းပေးဖူးပြောတယ်။ ဒီတိုင်း ပိုပိုပြီး ကုန်ဈေးနှုန်းတွေ အကုန်ပြန်တတ်လာရင်တော့ ကျမတို့ မိသားစုတွေ ဘယ်လို စားသောက်ပြီးနေရပါ့မလဲ စိုးရိမ်တယ်” ဟု ဆိုသည်။

ယခုလို ဖြစ်ပျက်နေမှုမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအသာ ဧပြီလ ၁၉ ရက်နေ့ကတည်းက ဖြစ်ပျက်နေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button