သတင်း

သစ်ကိုင်း ကျိုးကျထိမှန်ခဲ့သည့် နတ်ချောင်း စစ်ရှောင်မိန်းခလေးတစ်ဦး ဆေးဝါးမရှိ၍ အသက်ဆုံးရှုံးလိုက်ရ

ကလေးမြို့နယ် နတ်ချောင်းကျေးရွာ စစ်ရှောင်စခန်းမှ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျရာ အမျိုးသမီးငယ်တစ်ဦးကို ထိမှန်ခဲ့ပြီး ကုသပေးမည့်ဆေးဝါး မရှိသောကြောင့် အသက်ဆုံးရှူံးလိုက်ရကြောင်း ယင်းစစ်ရှောင်စခန်းမှ သိရသည်။

မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် နတ်ချောင်းကျေးရွာအတွင်း မိုးသက်လေပြင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်စခန်းရှိ တဲတစ်လုံးပေါ်တွင် သစ်ကိုင်းကျိုးကျခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အမျိုးငယ်တစ်ဦးထိမှန်ခဲ့ရာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကုသပေးမည့် ဆေးဝါးမရှိသောကြောင့် အသက်ဆုံးရှူံးလိုက်ရကြောင်း ယင်းစစ်ရှောင်စခန်းနေပြည်သူတစ်ဦးက KNG သို့ပြောသည်။

”သူတို့ဆောက်ထားတဲ့တဲရဲ့အနောက်ဘက်မှာ အပင်ကရှိနေတာ လေပြင်းတိုက်တော့ သစ်ကိူင်းက သူတို့တဲပေါ်မှာကျတာတဲထဲမှာညီနမနှစ်ယောက်ရှိတာ အမကတော့လွတ်တယ် သူထိသွားတာ ဆေးဆရာတွေရှိပေမယ့်သူတို့လိုအပ်နေတဲ့ဆေးမရှိတော့ အဓိကတော့သူ့ကိုကုဖို့လိုအပ်နေတဲ့ဆေးဝါး ကျနော်တို့မှာမရှိထားလို့ အသက်ဆုံးရှူံးလိုက်ရတာ”ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီးငယ်သည် အတွင်းဒဏ်ရာများဖြင့် နာရီဝက်အကြာတွင်အသက်ဆုံးရှူံးလိုက်ရပြီး မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ရန်အတွက်လည်း လူနာတင်ကားမရှိသည့်အခက်အခဲနဲ့ လမ်းပိုင်းအ​ခြေအနေများကြောင့် မပို့ဆောင်နိုင်ခဲ့​ကြောင်းသိရသည်။

နတ်ချောင်းကျေးရွာသည် အိမ်ခြေ ၂၀၀၀ ကျော်လူဦးရေ ၈၀၀၀ ကျော်မှီတင်းနေထိုင်နေပြီးစစ်ကောင်စီတပ်ရ နှစ်ကြိမ်တိတိ နေအိမ်မီးရှို့ခဲ့မှုကြောင့် လတ်တလောကျေးရွာနေပြည်သူ ထောင်ချီဘေးလွတ်ရာ တိမ်းရှောင်နေဆဲဖြစ်ကြောင်းသိရသည်။

နတ်ချောင်းကျေးရွာကို စစ်ကောက်စီတပ်က ဒီဇင်ဘာလတွင် ပထမအကြိမ် လူနေအိမ် ၄၂ လုံးတိတိမီးရှို့ဖျက်ဆီးခဲ့ပြီး ဒုတိယကြိမ်အဖြင့် မေလ ၁၆ ရက်နေ့ က လူနေအိမ် ၇၈ လုံးမီးရှို့ခဲ့ကြောင်း သိရသည်။

Related Articles

Back to top button