တိုက်ပွဲသတင်း

ရေဦးတွင် မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာကျေးရွာကို မီးတင်ရှို့၍ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် စစ်ကောင်စီ တပ်ဘက်က အထိနာခဲ့ကြောင်း သိရသည်။

စစ်အင်အား ၁၂၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့က ချမ်းသာကျေးရွာမှ လူနေအိမ် တစ်ရာကျော်ကို မီးတင်ရှို့ခဲ့ရာ ယနေ့နံနက်ပိုင်း ချမ်းသာကျေးရွာမှ ထွက်လာပြီး ရေဦးဘက်သို့ပြန်လှည့် လာစဉ် ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ Freedom Revolution Force (FRF)တပ်ဖွဲ့၊ DRPA တပ်ဖွဲ့ နှင့် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နံနက် ၇နာရီအချိန်တွင် မိဿရွာနှင့် ညောင်လှမူးဆုံရွာကြားတွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“အဲ့စစ်ကြောင်းက မနေ့ညက ချမ်းသာရွာကိုမီးရှို့ပြီးမှ ဒီနေ့မနက်လေးနာရီလောက်မှာ ထွက်ခဲ့ကြတာ ချမ်းသာရွာ ကနေပြီးတော့ အဲ့တာကိုကျွန်တော်တို့က လမ်းတစ်ဝိုက်ကနေစောင့်ကြိုပြီးတော့ တိုက်ခိုက်တာပေါ့ဗျာ ကျွန်တော် တို့ပစ်တဲ့လက်နက်ကြီးကောင်းကောင်းသူတို့ရဲ့အလယ်ထဲကိုကျသွားတယ် နောက်လက်နက်ငယ်တွေနဲ့ကျွန်တော် တို့လည်းပစ်တယ် သူတို့လည်းပစ်တယ် သူတို့ဘက်ကတော့သတင်းကြားရတာ စစ်သာအယောက် ၂၀ လောက်ကို တင်သွားတယ်လို့ကြားရတယ် ၂၀ လောက်ကိုဒဏ်ရာရတယ်ဆိုတော့ သေဆုံးကတော့ရှိနိုင်တယ် ဘယ်လောက်ဆိုတာတော့ အတိအကျ မသိနိုင်သေးဘူး”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက် က ထိခိုက်သေးဆုံးမှု ရှိခဲ့သော်လည်း ပြည်သူ့ကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။

လူနေအိမ် ၃၀၀ နီးပါးရှိသည့် ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က မေလ တွင်လည်း တစ်ကြိမ်မီးရှို့ခဲ့ရာ လူနေအိမ် ၂၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယမန်နေ့က ဒုတိယအကြိမ်ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ပြီး လူနေအိမ် ၁၀၀ ကျော်မီးလောင် ဆုံးရှုံးခဲ့ရာ မီးဘေးသင့်ပြည်သူ ငါးရာနီးပါး အခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဒီတစ်ခေါက်ကဟာရယ် အရင်တစ်ခေါက်ကရယ်ဆိုတော့ မီးဘေးသင့်ပြည်သူက ၁၂၀ လောက်ရှိတယ် တချို့က လည်းမီးဘေးသင့်သွားပြီးတော့ရွာမှာမနေတော့ပဲနဲ့ တခြားနေရာမှာရွေ့ပြောင်းနေကြတာရှိတယ် တချို့ကလည်း နီးစပ်ရာရွာနီးချင်းအိမ်တွေမှာ ကပ်နေရတာပေါ့။ လိုအပ်တာကတော့အများကြီးပါပဲ မီးဘေးသင့်တာဆိုတော့ အစား အသောက်အဝတ်အထည်တွေလိုတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလ မတိုင်မီကတည်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရေဦးမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ စစ်ကောင်စီထောက် ခံအားပေးသူများအသတ်ခံရမှုမှာ ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လမှ ၂၀၂၂ ဧပြီလ အထိ ၉ လအတွင်း ၁၀၀ ကျော်အသတ်ခံ ခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button