တိုက်ပွဲသတင်း

မန္တလေး-မုံရွာ လမ်းမပေါ် စစ်ကောင်စီတပ် ကား ၂ စီးတိုက်ခိုက်ခံရပြီး အရာရှိ နှင့် စစ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းမကြီး၊ ချောင်းဦးမြို့ နှင့် မြင်းမူမြို့အကြားတွင် ဇွန်လ ၇ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် Prado အနက်ရောင်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း FRF (CHU) အဖွဲ့ထံမှ သိရသည်။

အရာရှိကား ၂ စီး အင်အား ၂၀ ခန့်ဖြင့် မန္တလေးဘက်မှ ထွက်ခွာလာ‌ကြောင်း ကြိုတင် သတင်းရရှိမူကြောင့် Farmer Revolution Force FRF (CHU)၊ မြောင်မြို့နယ်တော်လှန်ရေး (MRA) နှင့် ဗန္ဓုလညီနောင် တော်လှန်ရေးအင်အားစုများမှ ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ ၁ ဦး နှင့် စစ်သား ၃ ဦး သေဆုံးကြောင်း FRF (CHU) တာဝန်ရှိသူတစ်ဦး က ဆိုသည်။

“ကျနော်တို့ သတင်းက လုံးဝကို သေချာတဲ့သတင်းရှိတယ်ဗျာ။ သတင်းရလို့ အဆင်သင့်ရယ်ဒီလုပ်ပြီး ဆော်လိုက်တာ (၄) ယောက် သေဆုံးသွားတယ်။ (၃) ယောက် ဒဏ်ရာရသွားတယ် အရာရှိကတော့ တစ်ဦးပဲ ကျန်တာကတော့ ရိုးရိုးစစ်သားတွေဗျ” ဟု ဆိုသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်၏ အလောင်းများကို စစ်‌ကောင်စီမှ ပြန်ကောက်သွားပြီး သေဆုံးသူစာရင်းကို မြေပြင် စောင့်ကြည့်အဖွဲ့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တော်လှန်ရေးတပ်ပေါင်းစုများသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များ တပ်စွဲထားသည့်ရွာကို ဝေဟင်မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီနှင့်ပျူစောထီး ၁၈ ယောက်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၃ရက်နေ့ကလည်း ချောင်းဦးမြို့မှ မြင်းမူမြို့နယ်သို့သွားသော စစ်ကောင်စီယာဉ်တန်းကို FRF (CHU) နှင့် အခြားညီနောင်မဟာမိတ်တပ်ပေါင်းစုများ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များခဲ့ကြောင်း ထုတ်ပြန်ထားကြသည်။

Show More

Related Articles

Back to top button