သတင်း

မြစ်ကြီးနားအဝင် ၂၁ မိုင်ဂိတ်တွင် ပြည်သူ ၂ ဦးထံမှ ငွေကျပ် ၄၈ သိန်းကို ရဲနှင့် စစ်သားများ လုယူထား ဟု ဆို

မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအထက် ၂၁ မိုင်စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူ အမျိုးသား ၂ ဦး၏ ငွေကျပ် ၄၈ သိန်းကို ရဲနှင့် စစ်သားများက ခြိမ်းခြောက် လုယူခဲ့သည်ဟု ကာယကံရှင်အမျိုးသား ၂ဦးပြောသည်။

ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ အိမ်ခြံဝင်းကြည့်ပြီး ပြန်လာသော ဟိုပင်ဒေသခံ အမျိုးသား ၂ဦးကို ဂိတ်တွင် စစ်ဆေးမှုများပြုလုပ်ရာတွင် ငွေ သိန်း ၅၀ တွေ့ရှိသဖြင့် ‘ခိုးယူလာခြင်းဖြစ်တယ်’ ဟု စွပ်စွဲပြောဆိုကာ ရဲနှင့် စစ်သားများက သိမ်းယူလိုက်သည်ဟု ခံရသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“ကျနော်တို့ ၂ယောက်က မြစ်ကြီးနားကို အိမ်ယာမြေသွားကြည့်တာ မရတော့ ငွေက မသုံးဘဲပြန်ယူလာတယ်။ အဲ့ဂိတ်မှာ စစ်ဆေးပြီး ပိုက်ဆံ သိန်း ၅၀ မှာ ၄၈ သိန်း သိမ်းယူပေးလိုက်တယ်။ ကျနော်တို့ ၂ယောက်ကို ခိုးလာတယ် ဆိုပြီး စွပ်စွဲပြောဆိုတယ်။ ပြီးရင် ၂ယောက်စလုံးကို လက်ထိပ်ခတ်ပြီး ကန်တယ် ရိုက်တယ်။ ပါတဲ့ဖုန်း ၂လုံးစလုံးလည်း သိမ်းပေးလိုက်တယ်” ဟု ပြောဆိုသည်။

ထိုဂိတ်တွင် တာဝန်ကျနေသည့် ရဲနှင့်စစ်သား ၁၀ ဦးခန့်က အမျိုးသား ၂ဦးကို နာရီဝက်ခန့်အကြာ ရိုက်နက် စစ်ဆေးမှုများ ပြုလုပ်ပြီး အဆိုပါဖြစ်စဉ်ကို ရဲစခန်းများနှင့် အခြားလူမှုကွန်ယက်စာမျက်နှာပေါ်တွင် တိုင်ကြားခြင်းမပြုရန် ထပ်မံသတိပေး ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သူက ဆက်ဆိုထားသည်။

“ဒီအကြောင်းကို ရဲစခန်းတွေမှာလိုက်မတိုင်နဲ့တဲ့။ လိုင်းပေါ်မှာလည်း မတင်နဲ့တဲ့။ လုပ်ရဲရင်လုပ်ကြည့်တဲ့။ နောက်တစ်ခေါက်လာရင် နင်တို့အသေဘဲ ဆိုပြီး ခြိမ်းခြောက်တယ်။ အစတုန်းက ဖုန်းလည်း သိမ်းထားတယ်။ နောက် နာရီဝက်လောက်ဆို ပြန်လွှတ်ပေးတယ်။ အဲ့မှာ ဖုန်း ၂လုံးဘဲပြန်ပေးခဲ့တယ်။ ဒါတောင် ဆင်း(မ်)ကပ် သိမ်းယူပေးလိုက်တယ်။ ကျနော်တို့က သူတို့ပြောသလို သူခိုးတွေလည်း မဟုတ်တဲ့အတွက် အများပြည်သူတွေသိအောင် ပြောပြချင်ပါတယ်” ဟု ပြောဆိုသည်။

ရိုက်နက်ခြိမ်းခြောက်ပြီး ငွေသိမ်းခံလိုက်ရသော အမျိုးသား ၂ဦးသည် အသက် ၂၈ နှစ်ဝန်းကျင်အရွယ်ရှိသူများဖြစ်ကြပြီး ဟိုပင်မြို့မှ မြစ်ကြီးဘက်သို့ ဇွန်လ ၉ ရက်နေ့ ထွက်ခွာလာခဲ့ပြီး ၁၀ ရက်နေ့အပြန်တွင် ယခုလိုကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါ ၂၁ မိုင်ဂိတ်တွင် ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button