တိုက်ပွဲသတင်း

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ထိခိုက်မှုနည်းပါးမည် ဗျူဟာကို စစ်ကောင်စီ ပြန်လည်ကျင့်သုံးနေ

ကသာမြို့နယ်တွင် မတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီ က ထိခိုက်မှု နည်းပါးမည့် စစ်ဆင်ရေးဗျူဟာပြောင်းပြီး စစ်ကြောင်းထိုး‌နေကြောင်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်သည် ရေကြောင်းအသုံးပြုကာ ကသာအထက်ဘက်သို့ စစ်အင်အား၊ လက်နက်၊ ရိက္ခာများ ပုံမှန်သယ်ယူပို့ဆောင်ရာ မြစ်ကမ်းတစ်လျှောက် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု မကြာခဏ ကြုံတွေ့ခဲ့ရသောကြောင့် လက်ရှိတွင် ဗျူဟာပြောင်းကာ ပြန်လည်လှုပ်ရှားနေသည်ကို တွေ့ရကြောင်း ကသာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က သင်္ဘော နဲ့ မန္တလေးက‌နေ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ တက်လာပြီးခါတိုင်းလို ဗန်းမော် ရောက်တဲ့ အထိ သင်္ဘောမတက်ဘူး။ မရောက်ခင် ကမ်းကပ်တဲ့အခါကျလို့ရှိရင် သူတို့ရဲ့အင်အားတွေကို ချထားခဲ့ပြီးမှ သင်္ဘောကြီးဘဲဆန်တက်တာ စစ်သားတွေကတော့ ကုန်းကြောင်းကနေပဲချီတက်တယ်” ဟု ကသာ မှ ပကဖ တာဝန်ရှိသူက ပြောသည်။

ကုန်ပစ္စည်းကိုသာ သင်္ဘောဖြင့်သယ်ယူပြီး စစ်အင်အားများကို ကုန်းကြောင်းဖြင့် ထိခိုက်မှု နည်းပါးစေမည့် ဗျူဟာကိုအသုံးပြုနေသည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ မြစ်ကျောင်းနှင့် ကုန်းကြောင်းကို တစ်ပြိုင်နက် အသုံးပြုလာသည့်အတွက် မြစ်ကြောင်းတစ်‌လျှောက် ကျေးရွာများသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း ပစ္စည်းများဖျက်ဆီးခြင်း အရပ်သားပြည် သူများအား ဖမ်းဆီးစစ်ဆေးခြင်း ရိုက်နှက်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိ ရှိရသည်။

“ဟိုနေ့က ဆိုရင် မိုးတားလေးရွာအနီး တစ်ဝိုက်မှာ တော်တော်လေး မွေသွားတယ်။ လူတွေကိုလည်း ဖမ်းတယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ သူတို့သင်္ဘော မစုန် မချင်းရွာတွေ ပြေးနေရတယ်ဗျ အခုချိန်ထိလည်း မိုးတားလေး၊ သံပုယာ၊ ဝဲကြီး၊ အစရှိတဲ့ကသာရဲ့အထက်ပိုင်းးကရွာတွေအကုန်လုံးက ထွက်ပြေးတိမ်းရှောင်နေရ တယ်ဗျ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကသာမြို့ မြစ်အရှေ့ဘက်ကမ်းတွင်အဓိက စစ်ကြောင်းထိုး လှုပ်ရှားနေပြီး စစ်အင်အား ၄၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစကာ စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကသာ အထက်ပိုင်း မြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ သင်္ဘောမကြာခဏ ပစ်ခတ်တိုက်ခိုက် ခံရသည့်အပြင် ၂၀၂၂ ခုနှစ်တွင် ပစ်ခတ်ခံရမူ အကြိမ်ပေါင်း ၃၀ ကြိမ်ထက်မနည်း ပစ်ခတ်ခံရသည်။

ထို့အတူ စစ်တပ်မှလည်း မတ်လမှ စကာ စစ်ဆင်ရေးနည်းဗျူဟာ ချိန်းလာသည့်အပြင် မတ်လတွင် ကသာအထက်ပိုင်းသို့ သိသိသာသာ စစ်အင်အား တိုးမြင့်လာနေကြောင်း သိရသည်။

Show More

Related Articles

Back to top button