သတင်း

ကချင်တွင် စစ်အစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ငါးထောင်ကျော်အထိရှိ

စစ်အစိုးရ၏ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ ဇွန်လ ၁၇ရက်နေ့တွင် တနိုင်းငံလုံးအတိုင်းတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ငါးထောင်ကျော်အထိရှိခဲ့ကြောင်းသိရပါသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောင်စာရင်းတွင် ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသားဦးရေ ၁၁၄၈၃ အထိရှိခဲ့သည့်အနက် ၅၃၂၅ ဦးအောင်မြင်ခဲ့ကြောင်းနှင့် မြစ်ကြီးနားနှင့် ဗန်မော်သည် အောင်ချက်အများဆုံးဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်တွင် ကျောင်းသား ၁၂၆၈ ဦးအောင်မြင်ပြီး ဗန်းမော်မြို့နယ်မှ ၁၀၅၃ ဦးအထိအောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရပါသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုရန် ၁၂၇၈၇ဦး စာရင်းရရှိခဲ့သော်လည်း စာမေးပွဲတွင် ၁၁၄၈၃ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ဆက်သိရပါသည်။

၂၀၂၁-၂၀၂၂ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ့်မြို့နယ်နှင့် ပူတာအိုဒေသဖြစ်သည့် ခေါင်လန်ဖူး တို့တွင် အောင်ချက်ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပြီး ဆွမ်ပရာဘွမ့်မြို့နယ်မှ ၁၁ ဦး၊ ခေါင်လန်ဖူးဒေသမှ ၉ဦးတို့သာအောင်မြင်ခဲ့ကြောင်းသိရပါသည်။

စစ်ကောင်စီအစိုးရ၏ ၂၀၂၁-၂၀၂၂ခုနှစ် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၃၁ ခုအထိဖွင့်လှစ် ဖြေဆိုနိုင်ခဲ့ကြပြီး အင်ဂျန်းယန်နှင့်ဆော့လော် စသောမြို့နယ် ၂ခုတွင် ကျောင်းအပ်နှံသူမရှိသည့်အတွက်ဝင်ရောက်ဖြေဆိုသူမရှိခဲ့ပေ။

ကချင်ပြည်နယ်သည် တနိုင်ငံလုံးအဆင့် အောင်ချက်ရာခိုင်နှုန်း ၄၆ အဆင့်တွင်ရှိပြီး တနိုင်ငံအလုံးအတိုင်းအတာဖြင့် အောင်ချက်အဆင့်သတ်မှတ်နှုန်း အဆင့် ၇ နေရာတွင်ရှိခဲ့ကြောင်းနှင့် မွန်ပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း အဆင့် ၁နေရာတွင်ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ကြေညာချက်မှ ထပ်မံသိရှိရသည်။

Show More

Related Articles

Back to top button