သတင်း

ကချင်ဘက်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ထီးချိုင့်တွင် တစ်ရက်အတွင်း ၄ကြိမ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းသည် ထီးချိုင့်နယ်တွင် တစ်ရက်အတွင်း ၄ နေရာ KIA နှင့် PDF ပူးပေါင်းတပ်တို၏ တိုက်ခိုက်မှုကို ခံရသဖြင့် ထိခိုက်သေဆုံးမှု ထပ်မံ ရှိခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရသည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ထီးချိုင့်နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း ကားအစီး ၃၃ စီးကို ဘိုတဲကုန်းရွာ၊ ဇီးဖြူကျင်းရွာနှင့် အလယ်တော စသည့် ကျေးရွာ ၃ ရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“မနေ့က အင်းတော်ဘက်ကနေ ထွက်လာတဲ့ယာဥ်တန်းတွေကို ထီးချိုင့်နယ်အရောက် ဘိုတဲကုန်းရွာအနားမှာ တစ်ခေါက် ဆွဲမိုင်းနှစ်လုံးနဲ့တိုက်ခဲ့တယ်။ ပြီးရင် ဇီးဖြူကျင်းရွာအလွန်မှာကျတော့ ၄၀ မမ ဗုံးတီးနဲ့ သုံးချက်ပစ်လိုက်တယ်။ အဲ့မှာ ၂လုံးတော့ကွဲတယ်။ နောက်ပြီးမှ အလယ်တောဆိုတဲ့ရွာအထက်မှာ ဆွဲမိုင်းလေးလုံးနဲ့ ထပ်ဆွဲတယ်”ဟု ပြောဆိုသည်။

ထို့နောက် ဆာတွင်းအနီးတွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ထပ်မံ သိရသည်။

“ရှေ့မှာ ၃ နေရာ တိုက်ခိုက်ခံရပြီး ဆားတွင်းရွာဘက်ပြန်တက်လာတဲ့အချိန်မှာ နောက်ထပ်မိုင်းလေးလုံးလောက်နဲ့ ထပ်ဆွဲတယ်။ အဲ့မှာက ကားတစ်စီးပျက်စီးသွားတယ်တွေ့ရတယ်။ အဲ့ကားကိုတော့ကြိုးနဲ့မြို့ထိဆွဲ သွားတယ်။ ကျဆုံးအရေအတွက်က ၂၀ လောက်တော့ ထိလိမ့်မယ်။ အဲ့လောက်တော့ ခန့်မှန်းလို့ရတယ်။ အလောင်းတွေကိုတော့ ကားပေါ်မှာတစ်ခါတည်းပဲ ကောက်တင်သွားတာ ကားပေါ်မှာ အလောင်းရွေ့တာတွေ တင်တာတွေတော့မျက်မြင်ပဲ” ဟု ထီးချိုင့် PDF တာဝန်ရှိသူက ဆက်ဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၁၂ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး အင်တော်မြို့နယ် မော်လူးနှင့် အင်းတော်ကျောင်းကုန်းအနီး ၂ နေရာတွင် KIA နှင့် PDF အဖွဲ့က ၁၅ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

အင်းတော်နယ် တိုက်ခိုက်ခံရမှုတွင် စစ်ကား ၃စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီစစ်သား ၂၀ ကျော်ခန့် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ထိုဒေသတွင် ကွပ်ကဲနေသော KIA ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

ထိုစစ်ယာဉ်တန်းတွင် စစ်တပ်အရာရှိတစ်ချို့လိုက်ပါပြီး ကျောက်စိမ်းများလည်း တင်ဆောင်ထားသည်ဟု သိရသည်။

မြစ်ကြီးနား-မန္တလေးပြည်ထောင်စု လမ်းမကြီးတစ်လျှောက်သည် စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို ဒေသကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ မကြာခဏ စောင့်ကြိုတိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။

Show More

Related Articles

Back to top button