တိုက်ပွဲသတင်း

ပူတာအိုမှ ထောက်ပို့ဆင်းလာသော စစ်ယာဉ်တန်း မြစ်ကြီးနာအနီး ထပ်မံတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးဟုဆို

ပူတာအိုဘက်မှ စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့အဝင် တန်ဖရဲကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် PDF အဖွဲ့တို့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KPDF အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်အပါ စစ်ကား ၆၀ စီးကျော်ပါရှိသော ယာဉ်တန်းနှင့် ရှေ့တန်းလုံခြုံရေးယူပေးသည့် ခြေလျင်တပ်ဖွဲ့အား KIA နှင့် KPDF အဖွဲ့တို့က တန်ဖရဲနှင့် ကျိန်ခရန် ကျေးရွာ ၂ခုကြားတွင် ပဒေသာမိုင်းဖြင့် ၁၆ ကြိမ်ထက်နည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“ကျနော်တို့ပဒေသာမိုင်းထောင်ထားတဲ့ကွင်းထဲကို သူတို့ ခြေလျင်စစ်ကြောင်းဝင်လာတာနဲ့ ကွက်တိဖြစ်သွားတာ။ မိုင်းဆွဲလိုက်တဲ့အဲ့နေရာမှာ အကုန်လုံးက အတုံးတုံးအလဲလဲဖြစ်သွားကြတာ။ ကျနော်တို့ မြင်လိုက်ရတာက အတန်းလိုက်ကို လဲကျသွားတာ။ အဲ့နေရာမှာတင် အနည်းဆုံးသူဆုံးတဲ့သူတွေ ၂၀ ယောက်အထက်ရှိတယ်။ နောက်ပြီး ကျနော်တို့က ကြိုတင်နေရာပြင်ဆင်ထားပြီးသားမှာ နေရာသွားယူပြီး လက်နက်တွေနဲ့ ပြန်ပစ်တာ”ဟုပြောဆိုသည်။

KIA နှင့် PDF အဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်နေရာတွင် ခဏအကြာ ၂ဖက်တပ် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အနီးတဝိုက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်ဟု သူကဆက်ဆိုထားသည်။

ထို့နောက် မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အထိနာများခဲ့သည့်အတွက် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဘက်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆက်လက်သိရပါသည်။

“မိုင်းဆွဲခဲ့ပြီး ခဏလောက်ဆို သူတို့ဘက်က လေကြောင်းလိုင်းနဲ့ စစ်ကူလာပစ်ကူတယ်။ ကျနော်တို့ဘက်က လူအင်အားများတယ်လို့နေမှာ။ ပြီးရင် သူတိုဘက်က အထိများလို့ စစ်ကူနဲ့ပြန်လာပစ်တာဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ပြီးခဲ့သော မေလ ၁၁ရက်နေ့မှစတင်ပြီး မြစ်ကြီးနားဘက်မှ စစ်အင်အား ၅၀၀ ဝန်းကျင်အပါ စစ်ရိက္ခာသယ်ဆောင်သည့် စစ်ကား ၈၀ ပါရှိသော စစ်ယာဉ်တန်အဖွဲ့ဖြစ်ပြီး တစ်လကျော်ခန့်အကြာမှ မြစ်ကြီးနားသို့ ပြန်လည်ဆင်းလာခဲ့ရာ မြစ်ကြီးနားအဝင်တွင် ယမန်နေ့ ထပ်မံတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါသည်။

ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ခဲ့သော အဆိုစစ်ကောင်စီယာဉ်တန်းအဖွဲ့သည် ဇွန်လ ၁၇ရက်နေ့အထိ ဆွမ်ပရာဘွမ့်နှင့် ပူတာအို မြို့နယ် လမ်းတစ်လျှောက်ပေါ်တွင် အတက် အဆင်း ၁၂ နေရာတွင် KIA နှင့် PDF အဖွဲ့၏ ၁၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ထို ၁၂ ကြိမ် တိုက်ခိုက်ခံရမှုတွင် စစ်ရိက္ခာသယ်ပို့သော စစ်ကား ၅စီးဖျက်ဆီးပေးလိုက်နိုင်ကြောင်းနှင့် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ ၆၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပူတာအိုဒေသ KIA တပ်မဟာ (၁)ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ဇွန်လ ၁၇ရက်နေ့ ရက်စွဲဖြင့် ပြောဆိုခဲ့သည်။

စစ်ကောင်စီဘက်မှ ပူတာအိုဒေသဘက်သို့ စစ်ရိက္ခာသယ်ပို့ခဲ့ရာတွင် စစ်ကောင်စီတပ် ခလရ ၁၃၇၊ ခလရ ၁၃၈၊ ခလရ ၁၄၂၊ ခလရ ၁၉၈၊ ခလရ ၃၂၁တို့ပါဝင်ပြီး အဆိုပါစစ်ယာဉ်တန်းတွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့၊ ဦးရွှေမင်းဦးအောင်သော ပြည်သူ့စစ်အဖွဲ့နှင့် ဦးအတန်ပြည်သူ့စစ်တို့လည်းပါဝင်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများမှ ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button