သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေချိန် လက်နက်ကြီးထိမှန်ခဲ့သည့် ပြည်သူသုံးဦးအနက် တစ်ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ကျင်းပနေချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၃ဦးအနက် တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေသည့်အချိန်   ဖားကန့်အချုပ်ထောင်ရှိသည့်ဘက်မှ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက် သပိတ်အတွင်းပါဝင်နေသော အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး ကျည်ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု နီးစပ်ရာ ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“သုံးယောက်ထဲက အသက်အကြီးဆုံးတစ်ယောက်က ဆုံးသွားတာ။ သူကဒဏ်ရာပြင်းထန်တယ် ရင်ဘတ်မှာ နှစ်ချက် သုံးချက်လောက် အပေါက် အပေါက်ဝင်သွားတာ။ သူ့ကို မြစ်ကြီးနားဆေးရုံပို့ဖို့သွားတဲ့ချိန် နန့်ယားနားလောက်မှာ မှာဆုံးသွားတာ”ဟုပြောဆိုသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၅၄နှစ်အရွယ်ရှိ ခေါ်ခင်မျိုးဝင်းခေါ်သူဖြစ်ပြီး ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေစဉ် အခြေအနေပိုမိုဆိုးရွာလာသည့်အတွက် ဇွန်လ ၂၀ရက်နေ့ မြစ်ကြီးနားဆေးရုံကြီးဘက်သို့ ဆေးကုသရန် ဆင်းလာခဲ့ရာ နန့်ယားကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရပါသည်။

လက်နက်ကြီးထိမှန်ခဲ့သော ပြည်သူ ၃ဦးသည် မော်ပုံရွာခံများဖြစ်ကြပြီး ကျန်ရှိသော အသက် ၂၀ နှစ်အရွယ်ရှိ မအမွန်း နှင့် အသက် ၁၈နှစ်အရွယ်ရှိ မောင်ဆိုင်းထွဋ်အောင် ၂ဦးသည်လည်း ဆေးကုသခံယူနေဆဲဖြစ်ကြောင်း ဆက်လက်သိရပါသည်။

စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၃ဦးထိမှန်ခဲ့သည် သာမက အနီးပတ်ဝန်းကျင်ရှိသော လူနေအိမ်တစ်ချို့နှင့် အိမ်စီးကားတစ်စီးပေါ်တွင်လည်း လက်နက်ကျည်စများ ထိမှန်ခဲ့သည်ဟု မျက်မြင်သက်သေများပြောဆိုချက်မှသိရသည်။

ယင်းကဲ့သို့ စစ်တပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇နှစ်ပြည့်မွေးနေ့အား အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

Show More

Related Articles

Back to top button