လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်

ရှမ်းမြောက် ကွက်ခိုင်မြို့အနီး ဇွပ်အောင်စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ကွတ်ခိုင်ဗျူဟာကုန်း မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ရှောင်အမျိုးသမီး ၃ ဦး သေဆုံးကာ အဘိုးအို ၁ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း စစ်ရှောင်များထံမှ သိရသည်။

ယနေ့ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထိုနေရာတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှ ဇွပ်အောင် စစ်ရှောင်စခန်းရှိရာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ယခုလို သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦး မှ KNG ကို ပြောသည်။

“လက်နက်ကြီးထိပြီး သေဆုံးသူ ၃ ဦး နောက်ပြီး အဘိုးတစ်ယောက်က ထိခိုက်ဒဏ်ရထားတယ်။ တိုက်ပွဲဖြစ်တာကြောင့် လာကျတာ မဟုတ်ဘဲ စစ်တပ်ဘက်က ကွတ်ခိုင်ကနေ ပစ်ထည့်နေတာ စစ်ရှောင်စခန်းတွင်း လာကျနေတယ်။ ကျမတို့ အရမ်းထိပ်လန့်နေကြတယ်။ တချို့ဆို ခိုအောင်းစရာနေရာ မရှိလို့ အရမ်းကြောက်ပြီး စိုးရိမ်နေကြတယ်။” ဟု ဇွပ်အောင်စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီး ၃ ဦးမှာ ဒေါ် လုပ်ဆိန့် ယော်လွမ် ( အသက် ၅၂ နှစ်)၊ ဒေါ် ဖော်ဂွန် နောန်လိုင် ( အသက် ၅၆ နှစ်) နှင့် ဒေါ် ဇွမ်ဇန် ဒေါင်နော ( အသက် ၂၈ နှစ်)၊ ထိခိုက်ဒဏ်ရာရ သူမှာတော့ အသက် ၈၀ အရွယ် ဦး ဒွမ်ဖောင့် လအောင် တို့ဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင် စစ်ဗျူဟာကုန်းမှ လက်နက်ကြီးကျည် ဇွပ်အောင် စစ်ရှောင်စခန်းအတွင်း ကျမှန်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် အမျိုးသမီး ၃ဦးအနက် တစ်ဦး

လက်နက်ကြီး ကျရောက်ပြီးနောက် တိုက်ပွဲပြင်းထန်လာသောကြောင့် ဇွပ်အောင်စခန်းရှိ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်သည်များ နှင့် စစ်ရှောင်ပြည်သူတစ်ချို့ သည် ဇွပ်အောင်အနီး ဒေါင်လုန်ကျေးရွာ ဘုရားကျောင်းဝင်းတွင် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရသည်ဟု ဆိုသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် နေရာသည် ကွက်ခိုင်မြို့ မှ ၁၀ မိုင်ကျော်အကွာ၊ ဇွပ်အောင်စစ်ရှောင်စခန်းဖြင့် ၁ မိုင်ခန့်သာ ဝေးသောနေရာတွင်ဖြစ်ပြီး ကာလှိုင်ကျေးရွာအနီး နှင့် ဟူနောင်း ကျေးရွာအနီးနေရာများတွင် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်သည် ကွက်ခိုင် မှ စစ်အင်အား ၁၀၀ ကျော်ဖြင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များရှိရာ နယ်မြေသို့ ထိုးစစ်ဆင်နေခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက်ရှိပြီ ဖြစ်သည်။

လက်နက်ကြီး ကျည်ကျမှန်ခဲ့သော ဇွပ်အောင် စစ်ရှောင်စခန်း

“စစ်ရှောင်တွေလည်း စိုးရိမ်နေရတယ်။ ကာလှိုင်ကျေးရွာဒေသခံတွေလည်း စိုးရိမ်ရလို့ ကတုတ်ကျင်းရှိတဲ့သူတွေက ကတုတ်ကျင်းထဲမှာအောင်းပြီးနေနေကြတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒီအခြေအနေကို ကြည့်တော့ ခဏတဖြုတ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ စစ်တပ်ဘက်က ဒီဘက်ကို တမင်တကာကို ထိုးစစ်ဆင်နေတယ်။ အခုလည်း လွယ်လွယ်နဲ့ တိုက်ပွဲငြိမ်မဲ့အခြေအနေမဖြစ်နေဘူး။ ဒီကာလှိုင်မှာက TNLA လည်းရှိ၊ MNDAA လည်းရှိ၊ PDF နဲ့ KIA တပ်မဟာ ၄ တပ်ရင်း ၈ ပူးပေါင်းတပ်တွေနဲ့ တပ်ရင်း ၂၉ နဲ့ တပ်ရင်း ၃၉ တွေရှိကြတယ်ဆိုတော့ စစ်တပ်က ထိုးစစ်ဆင်နေတယ်။” ဟု ကာလှိုင်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ပြီးခဲ့သည့် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်ကျဆုံး ထိခိုက်မှု များခဲ့သောကြောင့် ယခုတဖန် လက်နက်ကြီးများ ပစ်ခတ်ကာ ထိုးစစ်ဆင်နေခြင်းကြောင့် စစ်ရှောင်ပြည်သူများ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း ဆက်လက် သိရသည်။

ကွတ်ခိုင်မြို့နယ်၊ ဇွပ်အောင်ရှောင်စခန်းတွင် လွန်ခဲ့သော ၅ လ ခန့်မှစတင်ကာ စစ်ရှောင်စခန်းတွင်းနှင့် စခန်းပြင်တွင် ကိုးကန့် MNDAA နှင့် တအောင်းတပ်မတော် TNLA တို့ တပ်စွဲနေရာယူထားခဲ့သည်။

Show More

Related Articles

Back to top button