သတင်း

တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ချိတ်ပိတ်ရန် ပစ္စည်းများသိမ်းယူခိုင်းနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ကို ချိတ်ပိတ်သိမ်းယူရန်အတွက် စစ်ကောင်စီတပ်မှ ပစ္စည်းများ သိမ်းယူခိုင်းနေကြောင်း အိမ်ရှင်များထံမှသိရသည်။

စစ်ကောင်စီတပ်မှ ယခုလ ဇွန်လ ၁၅ ရက်နေ့တွင် နေအိမ်ကို ချိတ်ပိတ်ရန်အတွက် ပစ္စည်းများရွေ့‌ပြောင်း‌ပေးရန်လာ‌ရောက်‌ ပြောဆိုခဲ့ပြီးနောက် ဇွန်လ ၂‌၀ ရက်နေ့တွင် ဒုတိယအကြိမ် ကား ၅စီးဖြင့် ရဲနှင့်စစ်သား ၃၀ ဝန်းကျင်ခန့် ထပ်မံလာရောက်ပြောဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“မနေ့ နေ့လည်ပိုင်းက ကား ၅စီးထဲမှာ စစ်သားနဲ့ ရဲ ၃၀လောက် ရောက်လာပြီး အိမ်ထဲ‌တော့မဝင်ဘူး။ အပြင်ကနေ ဓါတ်ပုံတွေရိုက်ကြတယ်လို့သိရတယ်။ သူတို့ သဘောနဲ့သူတို့ ဝင်ထွက် နေကြတယ်။ စာတာမကပ်သေးတာဘဲရှိသေးတယ်။ အခုက ပိတ်သလိုဖြစ်နေပြီပေါ့”ဟုပြောဆိုသည်။

တရားလွှတ်တော် ရှေ့နေဦးတင်ထွန်းသိန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့မ ရဲစခန်းအတွင်း ၂နာရီခန့် အကြာယာယီထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွှတ်ပေးခဲ့ပါသည်။

သို့သော် စစ်ကောင်စီတပ်မှ ထပ်မံပြီး တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်းကို အကြမ်းဖက်မှုဖြင့် ဗဟိုမှ ပိတ်သိမ်းခိုင်းသည်ဟု ပြောဆိုကာ လာရောက်ချိန်ပိတ်ရန် လုပ်ဆောင်နေသည့်အပေါ် သူက ယခုလိုဆက်ဆိုထားသည်။

“သူတို့က အကြမ်းဖက်မှုနဲ့ အိမ်ပိတ်မယ်ပေါ့။ နိုင်ငံတောင် မတရားသိမ်းသေးတာဘဲ အိမ်သိမ်းတာတော့ ဘယ်ဆန်းမလဲ။ အခုလိုဖြစ်တော့ စိတ်က မကောင်းဘူးပေါ့ ဘယ်တတ်နိုင်မလဲ”ဟုပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည်ဟု ယူဆရသူများ၊ PDF အဖွဲ့များအား ထောက်ပံ့သူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များနှင့် ရှေ့နေတစ်ချို့၏ နေအိမ်များကို ချိတ်ပိတ်မှုများလုပ်ဆောင်ခဲ့ပါသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် မေလအတွင်းမှစတင်ပြီး မြို့နယ်တစ်ချို့တွင် ရှိသော NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်ချိတ်ပိတ်ခံရမှု ပိုများလာခဲ့သည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ ချိတ်ပိတ်သိမ်းဆည်းခဲ့သော နေအိမ်များသည် လက်ရှိ CRPH ၏ ကော်မတီဝင်တစ်ဦး ပြည်နယ်အလုပ်အမူဆောင် ဦးဝင်းနိုင်နေအိမ်၊ အမျိုးသာညီညွတ်ရေး အစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် နေအိမ်နှင့် NLD ပါတီ ဗန်းမော်ပြည်နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း နေအိမ်၊ ကချင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်၏ ပူတာအိုမြို့ရှိ နေအိမ်နှင့် မိုးညှင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၏ နေအိမ်တို့ဖြစ်သည်။

AAPP ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် မှ မြန်မာတစ်နိုင်ငံလုံး အာဏာသိမ်းချိန်မှစကာ ဧပြီလ အထိ ချိတ်ပိတ်ခဲ့သည့် နေအိမ်နှင့် အဆောက်အဦးပေါင်း ၆၁၇ ထက်မနည်းရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် NLD ပါတီဗဟိုအလုပ်ကော်မတီ၏ မေလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ထားချက်အရ အာဏာသိမ်းပြီးနောက် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံထားရပြီး ပါတီဝင် ၂၀၉ ဦး၏ နေအိမ် နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button