သတင်း

မိုးညှင်း မော်ဟန်ကြားတွင် စစ်ကောင်စီတပ် ဂိတ်တိုးကာ စစ်ဆေးရေး တင်းကြပ်

မိုးညှင်းမြို့ နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အသစ် ၃ ခု ထပ်တိုးလာပြီး ယခင်ကထက် စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးညှင်းမြို့အထွက်တွင် တစ်ခု၊ မော်ဟန်မြို့အထွက်တွင်တစ်ခု နှင့် မိုးညှင်း-မော်ဟန်ကြား လမ်းခုလတ်နေရာတွင် တစ်ခု စုစုပေါင်း စစ်ဆေးရေးဂိတ် ၃ ခု ထပ်တိုးလာကာ ကား၊ ဆိုင်ကယ် များကို စစ်ဆေးရေးတင်းကြပ်နေကြောင်း ဒေသခံတစ်ဦးက KNG သို့ ပြောသည်။

“ဂိတ်တွေက ပြန်ပေါ်တာလာ အခုက ရုတ်တရက်ပေါ်လာတာ မနေ့ကနဲ့တစ်နေ့က အဲဘက်ကိုသွားတော့တွေ့တယ်။ အခုကတော့ ဆိုင်ကယ်ဆိုလည်း တူးဘောက်တောင်ဖွင့်ပေးရတာ အရမ်းစစ်ဆေးတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတိုးချဲ့ထားသော စစ်ဆေးရေးဂိတ်များသည် ယာယီသဖွယ် တဲထိုး စစ်ဆေးလျက်ရှိနေပြီး မနက် ၆ နာရီမှ ည ၆နာရီအထိ ဂိတ်ဖွင့်ကြောင်း သိရသည်။

“ဂိတ်ထိုင်ကတော့ စစ်သား တွေပဲထိုင်တယ်။ တစ်ဂိတ် တစ်ဂိတ်ကို သုံးဆယ်ကျော်လောက်ထိုင်တယ်။ ကျနော်တို့ မျက်စိရှေ့မှာတော့ နာရေးကူညီမှုကားကလွဲပြီး ကျန်တာအကုန်စစ်တယ် မေးတယ်”ဟု ယမန်နေ့ ခရီးသွားခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် လွန်ခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၄ ခုချထားပြီး မေလ ၂၀ ကျော်တွင် ယင်းဂိတ်အားလုံးကို ပြန်လည်ရုတ်သိမ်းသွားခဲ့သော်လည်း ယခုပြန်လည် ချထားခြင်း ဖြစ်သည်။

ဇွန်လ ၂၀ ရက်နေ့ကလည်း မိုးညှင်းမြို့ နန့်စီးအောင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ကားတစ်စီးပေါ်မှ ကျည်ဆံ နှင့် ကျောက်စိမ်းအရိုင်းတုံးများကို စစ်ကောင်စီ က ဖမ်းဆီးရမိခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး လွန်ခဲ့သည့် မတ်လတွင်လည်း နမ့်စီးအောင် စစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားမြို့ အထွက် ၂၁ မိုင် ဂိတ်တို့ တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သားများ သေဆုံးမှု ရှိခဲ့သည်။

Show More

Related Articles

Back to top button