သတင်း

မိုးကြိုးပြင်ရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပင်ရွာ(မြောက်)တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။

စစ်အင်အား ၁၀၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၁ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လက်နက်ကြီးများပစ်ခတ်ကာ ရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် လူနေအိမ်များ ၃ပုံ ၂ပုံခန့် မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ဒေသခံ ပြည်သူ ၂၀ ဦးခန့်လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“စစ်ကြောင်းက မနက်၇နာရီလောက်မှာစဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာလည်း လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်လာကြတယ်။ မနက် ၉နာရီလောက်မှာတော့ အိမ်တွေကို တစ်လုံးပြီး တစ်လုံးရှို့ပစ်တာ။ ညနေပိုင်း ၆နာရီအထိ ရှို့ကြတယ်။ ရွာထဲက အိမ်တွေက ၃ပုံမှာ ၂ပုံလောက်က မီးရှို့ပြာကျသွားပြီ။ နောက်ပြီး သူတို့ ရွာသား ၂၀ ယောက်ကိုလည်း ဖမ်းခေါ်ထားတယ်”ဟုပြောဆိုသည်။

မိုးကြိုးပြင်ရွာ(မြောက်)သည် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ထိုသို့ ကျေးရွာ မီးရှို့ဖျက်ဆီးခံရသည့်အတွက် လက်ရှိတွင် မီးဘေးသင့် ပြည်သူ ၂၀၀၀ ဝန်းကျင်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန် အရပ်ဝတ်များဖြင့် ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် မည်သည့် တရင်းမှ တပ်သားများဖြစ်သည်ကို အတည်ပြုပြောဆိုနိုင်ခြင်းမရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ထိုနည်းတူ ပြီးခဲ့သည့် ဇွန်လ ၁၂ရက်နေ့တွင်လည်း ဆားလင်းကြီးမြို့နယ်မှ လင်းစားကျက်ကျေးရွာအတွင်းရှိသော လူနေအိမ် ၇၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံပြည်သူ ၂ဦးကိုလည်း သတ်ဖြတ်သွားကြောင်း တာဝန်ရှိသူများပြောဆိုချက်မှ သိရသည်။

Data For Myanmar၏ ထုတ်ပြန်ချက်အရ စစ်တပ်မှ အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ မေလအထိ မီးရှို့ခံရသည့် လူနေအိမ်ပေါင်း ၁၈၈၈၆ ခန့်အထိရှိကာ စစ်ကိုင်းတိုင်းမှ ၁၃၈‌၄၀ အိမ် ပါဝင်ကြောင်းဖော်ပြထားသည်။

Show More

Related Articles

Back to top button