သတင်း

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း အင်းတော်မြို့ နှင့် ဗန်းမောက်မြို့ကြားတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့တိုက်ပွဲ ပြင်းထန်နေသည့်အတွက် အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းတွင် မည်သည့် သုံးဘီး၊ ကား၊ ဆိုင်ကယ်မျှ ဖြတ်သန်းသွားလာခြင်းမပြုကြရန် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။

ဇွန်လ ၁၀ ရက်နေ့ခန့်က မိုးညှင်းမြို့မှ အင်းတော်- ကသာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းမှ စစ်အင်းအား ၁၀၀ နီးပါးသည် အင်းတော်နဲ့ ဗန်းမောက်ကြားတွင် စစ်ကြောင်းထိုးလှုပ်ရှားလျက် ရှိရာ ယမန်နေ့ ဇွန် ၂၃ ရက် နေ့ ည ၅ နာရီခွဲအချိန်ခန့်မှစ၍ ကသာခရိုင်တပ်ရင်း (၂)၊ အင်းတော်ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၊ KIA ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ တိုက်ပွဲပြင်းထန်နေသောကြောင့် ယင်းလမ်းပိုင်းကို မသုံးမပြုရန် တားမြစ်ရခြင်းဖြစ်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“သူတို့က အင်းတော်-ဗန်းမောက်ကြားက တောထဲဘက်ကို စစ်ကြောင်းလာတာသိလို့ ကြိုစောင့်ပြီး တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက အင်းတော်-ဗန်းမောက်ကြားက မော်တိတ်ရွာဒီနေ့မတနက်လည်း လက်နက် ကြီးသံတွေကြားနေတုန်း ကားလမ်းကို အသုံးမပြုစေချင်တာကတော့ စစ်သားတွေက အရပ်သားကားတွေကို ချောဆွဲတာ။ နောက်ပြီး အရပ်သားကားတွေနဲ့ အကာအကွယ်ယူပြီး သွားတာတို့ ပြီးတခြားကိစ္စတွေအတွက် အရပ်သားကားတွေ အကိုအသုံးချမှဆိုးလို့ အဲ့ကြောင့်ပါ”ဟုပြောဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ယင်းလမ်းပိုင်းကို ဇွန် ၂၄ ရက်နေ့ နံနက် ၆ နာရီမှ ဇွန် ၂၆ ရက်နေ့ နံနက် ၆ နာရီအထိ အသုံးမပြုကြရန်သတိပေးထားပြီး သတိပေးချက်ကျော်လွန်ပြီး သွားလာပါက ပြဿနာတစ်စုံ တစ်ရာဖြစ်ပွားခဲ့ပါက အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မသက်ဆိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုစာရင်းကို မသိရှိရသေးသော်လည်း စစ်ကောင်စီတပ်ဘက်က ခြုံခိုတိုက်ခိုက်ခံရသောကြောင့် အကျအဆုံးများနိုင်ကြောင်း သိရသည်။

ယခုတိုက်ပွဲ ဖြစ်ပွားနေသည့် မော်တိတ် ကျေးရွာအနီး တွင်ဇွန်လ ၁၈ ရက်နေ့ကလည်း မော်တိတ်-အောင်ကုန်းကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့်သေခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button