သတင်း

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားရပ်တွင် ဇွန်လ ၂၈ ရက်နေ့ ၁ ရက်တည်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိကြောင်း လူမှုကူညီရေးအသင်း မှ သိရှိရသည်။

“မူဆယ်မြို့ ဟိုနားရပ်၊ ခရိုင်ဆေးရုံ ကြီးအနောက်ဖက် ကွန်တိန်နာသေတ္တာထဲမှာ တစ်လောင်း၊ နောက်ထပ် ဟိုနားရပ်၊ အိပ်မက်ကမ္ဘာ KTV အနီးနားတစ်လောင်း။ အိပ်မက်ကမ္ဘာ အနီးမှာ တွေ့တဲ့ လူကို ဆေးရုံကို ပို့မပးပေမယ့် လုံးဝအခြေအနေမကောင်းတော့ပဲ ခဏအတွင်း သေဆုံးသွားပါတယ်”ဟု နှလုံးလှ ပရဟိတ အဖွဲ့က ကူညီကယ်ဆယ်ပေးခဲ့သူ ၁ ဦးက ပြောသည်။

မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဘက် ကွန်တိန်နာ သေတ္တာထဲတွင် တွေ့ရှိသူမှာ အသက် ၃၀ ကျော်ခန့် အရွယ် အမျိုးသား ၁ ဦး ဖြစ်ပြီး အိပ်မက်ကမ္ဘာ KTV အနီး ရေမြှောင်းဖုံးပေါ်တွင် တွေ့ရှိသောသူမှာ အသက် ၃၆ ဝန်းကျင်ခန့်ရှိ အမျိုးသား ၁ ဦး တို့ဖြစ်ကာ ၎င်းတို့အား မူဆယ်မြို့နယ်ဆေးရုံ၊ မော်ကျူရီ၌ ထားရှိပေးထားကြောင်း သိရသည်။

“အပြင်ဒဏ်ရာတွေမတွေ့ရဘူး၊ကျွန်တော်တို့ ကူညီပေးခဲ့တဲ့ ပိုင်ရှင်မဲ့အလောင်း အများစုက မူးယစ်ဆေးသုံးစွဲထားသူတွေဖြစ်ကြတယ်” ဟု နှလုံးလှလူမှုကူညီရေးအသင်း (မူဆယ်) တာဝန်ရှိသူ ၁ ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း အသက် ၃၀ ဝန်းကျင်ခန့်ရှိ မူးယစ်ဆေးဝါး သုံးစွဲသည့် လက္ခဏာဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းကို သဒ္ဒါဖြူစင်လူမှုကူညီရေးအသင်းက သွားရောက် ကူညီသယ်ဆောင်ပြီး မူဆယ်သုဿာန်တွင် သင်္ဂြိုလ်ပေးခဲ့ရသည်ဟု သိရသည်။

ယခုနှစ် ဇွန်လ မူဆယ်မြို့တွင် ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်း ကျော်တွေ့ရှိခဲ့ပြီး အများစုသည် မူးယစ်ဆေးဝါး သုံးစွဲသော လက္ခဏာဖြင့် သေဆုံးသူများဖြစ်ကြောင်း မူဆယ်ရှိ လူမှုကူညီရေး အသင်းများထံမှ စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ မိုးတွင်းနှင့် ဆောင်းတွင်း ကာလတွင် မူးယစ်ဆေးဝါး သုံးစွဲသူများသည် ရာသီဥတု ဒဏ်ကြောင့် သေဆုံး ရသူများသည်ဟုလည်း နှလုံးလှ လူမှုကူညီရေးအသင်း ဥက္ကဌက ပြောသည်။

မူဆယ်မြို့ပေါ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများပြားလာပြီး ခိုးဆိုး လုယက် ဓားပြတိုက်မှုအပြင် နိုင်ငံတကာ အဆင့်မီ လောင်းကစားဝိုင်းတွေ အပါအဝင် ‌လောင်းကစားဝိုင်းသေးများ အပါဝင် လောင်းကစားဝိုင်း ၃၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button