ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ
ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသော ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရမှုတွင် စစ်ကောင်စီတပ်မှ ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများမှ သိရသည်။
ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင်ချိန် သာစည် မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသည့် ရဲသား ၂ ဦးကို အမည်မသိ လူငယ် ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်၍ သေနတ်ပစ်ခတ်သွားသောကြောင့် စစ်ကောင်စီတပ်သည် ထို အနီးပတ်ဝန်းကျင်တွင်ရှိနေသော ပြည်သူ ၆ ဦးအား ဖမ်းဆီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။
“ပစ်ခတ်သွားတာ ၄ နာရီကျော်မှာပါ။ ပစ်ခံရတဲ့ ရဲကတွေကမသေပါဘူး။ အဲ့ဒီ ပစ်ခံရတဲ့နေရာက ၂ မိုင် မိတ်ဆက်တည်းခိုခန်းရှေ့ မီးပွိုင့်လမ်းဆုံမှာပါ။ ဖမ်းခံရတာက ၆ယောက်ပါသွားတယ်လို့ ပြောတယ်။ တက်တူးဆိုင်ထဲ လူငယ်တွေရှိနေလို့ ၀င်ဖမ်းတာ။ အခင်းဖြစ်တဲ့နေရာနဲ့ မနီးမဝေးမှာပေါ့ အဲ့လူငယ်တွေရော ဆိုင်ရှင်ရော ဖမ်းသွားပါတယ်”ဟုပြောဆိုသည်။
ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၆ ဦးကို ဗန်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
ထို့ပြင် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ ၆ဦးကို ဖမ်းဆီးသွားသည့် တက်တူးဆိုင်သို့ ရဲအုပ် ကျော်ကိုကိုသန့် ဦးဆောင်သောအဖွဲ့ တက်တူးဆိုင်အတွင်းရှိ တံခါးများရိုက်ဖွင့်ကာ တန်ဖိုးရှိပစ္စည်းများနှင့် ကွန်ပျုတာများ သိမ်းယူသွားကြောင်းလည်း ဆက်သိရသည်။
ဗန်းမော်မြို့ပေါ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမူ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဖမ်းဆီးခံရသည့်ပြည်သူ ၂၀ ဦးထက်မနည်းရှိပြီဖြစ်သည်။