Fact Checkသတင်း

ဗီဇပြောင်း BA.4 နှင့် BA.5 ကိုဗစ်-၁၉ ရောဂါလက္ခဏာများဆိုပြီး စာအဟောင်းကို ဖြန့်နေ

ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ‘ထိုင်းနိုင်ငံချူလာလောင်ကောင် ဆေးရုံမှ ထုတ်ပြန်သော ရောဂါအခြေအနေ’ ဆိုသည့် စာအဟောင်းကို လက်ရှိ facebook တွင် ပြန်လည်ကူးယူ ပြုပြင်ရေးသားပြီး ဖြန့်ဝေနေသည်ကို တွေ့ရသည်။

ယခင်ထုတ်ပြန်ချက်၏ ခေါင်းစဉ်များတွင် ‘တတိယလှိုင်း ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ’ ဟု ရေးသားထားသည်ကို လက်ရှိဖြန့်ဝေသောစာများတွင် ‘နောက်ဆုံးပေါ် အိုမီခရွန် BA.4 နဲ့ BA.5 ရောဂါလက္ခဏာများ’ ဟု ခေါင်းစဉ်ပြောင်းလဲကာ ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို Health & Knowledge ဆိုသည့် ဖေ့စ်ဘွတ်ပစ်စာမျက်နှာမှ စတင်ပြီး နောက်ဆုံးပေါ် အိုမီခရွန် BA.4 နှင့် BA.5 ရောဂါလက္ခဏာဆိုပြီး ခေါင်းစဉ်ပြောင်းကာ ဖြန့်ဝေလာခဲ့သည်ကို တွေ့ရသည်။ ထို့နောက် Shwe Moe Awng Baby Accessories & Toys ဖေ့စ်ဘွတ်ပစ် နှင့် Shan War ဆိုသည့်အကောင့်များတွင် ပြန်လည်း ကူးယူဖြန့်ဝေလာခဲ့သည်။

ထုတ်ပြန်ချက် စာအဟောင်းနှင့် ပတ်သက်ပြီး ဆန်းစစ်ရာတွင် “မြိတ်ခရိုင် ကိုဗစ်-19 ကာကွယ်ရေ းအရပ်ဖက်ပူးပေါင်းကော်မတီ” နှင့် Sun Myat Tun Construction Co.,Ltd ဖေ့စ်ဘွတ်ပစ်များတွင် ၂၀၂၁ ခုနှစ် မေလ ၂၈ နှင့် ဇွန်လ ၁၇ ရက်နေ့များတွင် ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ တတိယလှိုင်း ဗီဇပြောင်း ကိုဗစ်-၁၉ လက္ခဏာများနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက် ဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

ထိုင်းနိုင်ငံတွင် အိုမီခရွန်အမျိုးအစားပြောင်း ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိခဲ့သော်လည်း ယခုအချိန်တွင် ရောဂါလက္ခဏာ ကူးစက်မှုနှုန်းသည် ပုံမှန်သာရှိနေဆဲဖြစ်သည်။ ထိုင်းနိုင်ငံ နှင့် မြန်မာပြည်တွင် ကိုဗစ် ကူးစက်မှု ရှိနေဆဲ ဖြစ်သော်လည်း လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ပြန်လည် ပျံနှံနေသော စာသားများသည် ၂၀၂၁ ခုနှစ်မှ အဟောင်းသာဖြစ်သည်ကို တွေ့ရသည်။

ထို့ကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့် ယခုလိုမျိုး အလွယ်တကူ ကူးယူ ဖြည့်စွက်ထားသည့် ထုတ်ပြန်ချက်များကို အမြဲတစေ သတိထားပြီး ယုံကြည်ရသော သတင်းမီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာများမှ သတင်းများကို ဖတ်စေလိုပါသည်။

Show More

Related Articles

Back to top button