အရာတော်တွင် စစ်ကောင်စီ နှင့် ပျူစောထီးများ မိုင်းနင်းမိကာ ထိခိုက်မှုရှိ

အရာတော်မြိုနယ် ငွေတွင်းရွာတွင် စစ်ကောင်စီတပ် နှင့် ပျုစောထီးများ ဆိုင်ကယ် ၈ စီး ဖြင့် ကင်းပတ်ရန် ထွက်လာစဥ် ဒေသခံကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းနင်းမိ ပေါက်ကွဲသောကြောင့် သေဆုံးဒဏ်ရာရမှု များပြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ၄ နာရီ ဝန်းကျင်တွင် နွားမသင်း ရွာအနီးတွင် Ayadaw Bone Naing နှင့် မဟာမိတ်များထောင်းထားသည့် မိုင်းများကို စစ်ကောင်စီတပ်များ နင်းမိခဲ့ခြင်း ဖြစ်သည် ဟု Ayadaw Bone Naing PDF မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“နွားမသင်း ရွာဘက်ကို သူတို့က နယ်မြေကျူးကျော်ပြီး ကင်းလှည့်တယ် ပြီးတော့။ နွားမသင်း ရွာသားတွေပိုင်တဲ့ ယာမြေတွေကို သူတို့က လက်ဝါးကြီးအုပ်ထားကြတယ်။ အဲ့မှာ သူတို့က အမြဲတမ်းလိုလို ကင်းတွေရှိတယ်။ အဲ့မှာ ကျနော်တို့က သူတို့ ကင်းတက်လာတဲ့ အချိန်ဖြစ်အောင်ဆိုပြီး ထောင်ထားတာ သူတို့ခိုအောင်းတတ်တဲ့ နေရာကို သိတော့ တိုင်မိုင်းထောင်ထားခဲ့တာပါ” ဟု ဖြစ်စဥ်ကို Ayadaw Bone Naing PDF မှ တာဝန်ရှိသူ တစ်ဦး က ရှင်းပြသည်။
သို့သော်လည်း စစ်ကောင်စီ နှင့် ပျူစောထီးများ အကျအဆုံးစာရင်းကို အတည်ပြုရန် ခက်ခဲပြီး ဒဏ်ရာရရှိမှုကို အတည်ပြုနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“အကျအဆုံး စာရင်းကိုတော့ အတည်ပြုပေးနိုင်စွမ်း မရှိဘူးဗျ။ ဘာလို့လဲဆိုတော့ အဲ့နေရာတွေက သူတို့ လက်ဝါးကြီး အုပ်ထားတဲ့ နေရာတွေလေ။ ကျနော်တို့က သူတို့ မသိအောင် သွားထောင်ရတာ ထောင်ပြီးရင်ပြန်လာရတာ။ ပြီးမှ သတင်းစကား နှင့် အတည်ပြုရတာဆိုတော့ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်သေဆုံးတဲ့သူရှိတယ်။ အဲ့လောက်ပဲသိရတာ ဘယ်နှစ်ယောက်သေသွားတယ်ဆိုတာကိုတော့ တိတိကျကျအတည်မပြုနိုင်ဘူး” ဟု Ayadaw Bone Naing PDF မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
ငွေတွင်း ကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့များ နှင့် ပျူစောထီးများ စခန်းချ နေထိုင်သည့်ရွာဖြစ်ပြီး အရာတော်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိကာ ဆိုင်ကယ်ဖြင့် ၁၅ မိနစ်ခန့် သွားလာရသည် ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း အရာတော်မြို့နယ် နွားမသင်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကို ဖမ်းဆီးကာ ပစ်သတ်သွားခဲ့ကြောင်း အရာတော်ပို့စ်တွင် ဖော်ပြထားသည်။