Fact Checkသတင်း

နန်ဇော် တိုက်ပွဲတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၅ ဦးသေဆုံးသည်ဟု ဓါတ်ပုံအမှားဖြင့် ဖြန့်ဝေနေ

ဝိုင်းမော်မြို့နယ် KIA တပ်ရင်း ၃ နယ်မြေ နန်ဇော် (NangZaw) တပ်စခန်းကို စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့မှ ဇူလိုင်လ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၅ ဦး သေဆုံးခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို Manaw Myay ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။

အဆိုပါသတင်းအမှား နှင့် ဓါတ်ပုံအမှားကို Manaw Myay  ဖေ့စ်ဘုတ်အကောင့်တွင် ဇူလိုင်လ ၁၂ ရက်နေ့ ဖော်ပြထားပြီး လက်ရှိအချိန်ထိ မျှဝေသူ ၂၄၀ ရှိနေပြီ ဖြစ်သည်။

သူ၏ ဖော်ပြချက်တွင် ယခုဖြစ်ပွားသော နန်ဇော်ယန်တိုက်ပွဲအတွင်းမှာ KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၅ ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို ဒီအတိုင်း ပစ်ထားခဲ့တယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ KIA ထံမှ လက်နက်၊ ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း ပြောဆိုခဲ့သော် လည်း အရေအတွက်အား ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဟု ဆိုထားသည်။

KIA ဘက်မှ ကျဆုံးမှုများပြီး ဆုတ်ခွာထွက်ပြေးခဲ့ရသည်ဆိုသည့်အချက်ကို စာဖတ်ပရိသတ်များ ယုံကြည်ထင်ရလောက်အောင် KIA စစ်သားများ သေဆုံးနေသည့် ပုံဟောင်းသုံးပြီး တင်ထားသည်ကို တွေ့ရသည်။

အဆိုပါ ရုပ်ပုံသည် မိုးညှင်းမြို့ ညောင်ကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဒေသခံ PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးသွားသော PDF တပ်သား ၇ ဦး၏ ပုံဟောင်းကို ယခု နန်ဇော်တိုက်ပွဲတွင် ကျဆုံးခဲ့သယောင် ပြန်လည်အသုံးပြုထားသည်ကို တွေ့ရသည်။

နန်ဇော်တိုက်ပွဲသည် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နှင့် ပြည်သူ့စစ်ဘက်က သေဆုံးမှု များပြားခဲ့သောကြောင့် အလောင်းများကို နွားလှည်းဖြင့် ရှာဖွေသယ်ထုတ်ရသည်ဟု ကချင်ပြည်နယ်အခြေစိုက် သတင်းဌာန များတွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့ ဇွန်လ ၁၄ ရက်နေ့အထိ နန်ဇော်ကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကောင်စီ ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်နေဆဲဖြစ်သောကြောင့် အဆိုပါနေရာများကို စစ်တပ်က သိမ်းဆည်းလိုက်ပြီဆိုသော အချက်မှာ မှားယွင်းနေသည်ကို တွေ့ရသည်။

ထို့ကြောင့် Manaw Myay ဖေ့စ်ဘွတ်ပစ်စာမျက်နှာတွင် ရေးသားထားသော နန်ဇော်ယန်ကျေးရွာရှိ ကေအိုင်အေ တပ်ရင်း (၃) စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဆိုသော ဖော်ပြချက်သည် မဟုတ်မမှန်သည့်အပြင် ဝါဒဖြန့်ရန် သက်သက်ဖြစ်ကြောင်းကို သိမြင်နိုင်သည်။

သို့ဖြစ်ပါ၍ စာဖတ်ပရိသတ်များအနေဖြင့် ကချင်ဒေသတွင်း သတင်းများကို ဖတ်ရှုရာတွင် ဒေသအခြေစိုက် သတင်းမီဒီယာများမှ တဆင့် သတင်းမှန်ကို အတည်ပြုရန် လိုအပ်ပါသည်။

Show More

Related Articles

Back to top button