သတင်း

ပင်လည်ဘူး ဆိုင်ယာကြီး ကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ပင်လည်ဘူးမြို့နယ် ဆိုင်ယာကြီးကျေးရွာတွင် စစ်ကောင်စီတပ် မှ သတ်ဖြတ်သွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ က ပင်လည်ဘူးမြို့မှ ဘာဟဲ/အင်းကုန်း နှင့် ဆိုင်ယာကြီး ကျေးရွာဘက်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ဦးမင်းနောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူနှင့်အတူ အခြားတစ်ဦးကို ဆိုင်ယာကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။

“မနေ့က တွေ့တာက အလောင်း နှစ်လောင်း။ ကျန်တစ်လောင်းက ဘယ်သူဘယ်ဝါ ဘယ်က အသက် ဘယ်လောက်ဆိုတာ မသိရဘူး။ ဆိုင်ယာကြီးရွာနားက လမ်းမှာ ပစ်သတ်သွားတာ အဲ့ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့တစ်ယောက်ကတော့ ခေါင်းမှာပစ်လိုက်တာ ဦးခေါင်းက ဘာမှရစရာမရှိတော့ ဘယ်သူမှန်း မသိရဘူး။ အလောင်းတွေ ကလည်း အနံ့တွေ ထွက်နေတာ ပုပ်နေပြီ” ဟုပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဆိုင်ယာကြီးကျေးရွာတွင် သုံးရက်ခန့်တပ်စွဲနေထိုင်ခဲ့ပြီး အမျိုးသားနှစ်ဦးကိုလည်း မည်သည့်အချိန်၌ သတ်ဖြတ်ထားသည်ကို မသိရှိလိုက်ရပဲ ဇူလိုင် ၁၄ ရက်နေ့ စစ်ကောင်စီ စစ်ကြောင်းကျေးရွာမှ ထွက်ခွာသွား၍ ရွာသားများ နေအိမ်ပြန်ကပ်နိုင်ချိန်၌ အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကြောင်းဝင်ရောက်လာချိန် မတိမ်းရှောင်ဘဲကျန်ရှိနေခဲ့သည့် ဆိုင်ယာကြီး ကျေးရွာ နှင့် ဘာဟဲ/အင်းကုန်းရွာ မှ ကျေးရွာသူကျေးရွာသားများ စုစုပေါင်း ၅၀ ဦးခန့်ကိုလည်း ပင်လည်ဘူးဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းအနက် အချို့ကို ဇူလိုင် ၁၄ ရက်နေ့က ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဖမ်းဆီးသွားတာလည်း အများကြီးဖမ်းဆီးသွားတာ ပြန်လွတ်ပေးလိုက်တဲ့လူလည်းရှိ တယ်တဲ့။ အဲ့တာဘယ်သူ ဘယ်ဘယ်ဝါ ဘယ်နဦးပြန်လွတ်လာတယ်ဆိုတာတော့မသိရသေးဘူး။ ဖုန်းလိုင်းအခက်အခဲကြောင့် ဖမ်းသွားတာက ၂ ရွာ ပေါင်းဆိုရင် ၅၀ လောက်ရှိမယ်။ သူတို့ကကောက်စိုက်သမားတွေကော အကုန်တွေ့ရာလူအကုန်ဖမ်းသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူသော ဒေသခံ ၅၀ နီးပါးတွင် အမျိုးသားအများစုပါဝင်ပြီး သူတို့၏အကြောင်း အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။

ပင်လည်ဘူးမြို့နယ်တွင် လတ်တလောစစ်ကြောင်းနှစ် ကြောင်းထိုး၍ စစ်ကောင်စီစစ် လှုပ်ရှားနေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button