သတင်း

မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ ဝင်ရောက်လာသော အမျိုးသားတစ်ဦးထံ Omicron တွေ့ရှိ

မြစ်ကြီးနားမြို့ မှ လိုင်ဇာသို့ ဝင်ရောက်လာသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးထံ Covid-19 မျိုးရိုးဗီဇပြောင်း Omicron ရောဂါပိုး (BA.4 BA.5) စစ်ဆေးတွေ့ရှိခဲ့ကြောင်း လိုင်ဇာမြို့ ကိုဗစ်-၁၉ ကာကွယ်ရေး ကော်မတီမှ သိရသည်။

“ရောဂါဖြစ်တဲ့သူက မိုင်ဂျာယန်ဒေသခံ မြစ်ကြီးနားမှာ ၃-၄ ရက်သွားနေပြီး ဒီကို ပြန်လာတဲ့ချိန် မုန်လိုင်ခက် Check Point မှာ ဆေးစစ်ကြည့်တော့ (BA.4 BA.5) ရောဂါပိုးတွေ့တယ်။ လိုင်ဇာကိုတော့ မဝင်လာသေးဘူး။ Check Point မှာပဲတွေ့လို့ တစ်ခါထဲ ဆေးရုံမှာ Quarantine ထားလိုက်တယ်။ သူက လိုင်ဇာလမ်းကနေ မိုင်ဂျာယန်ကို တစ်ခါတည်း ကားနဲ့ဖြတ်သွားမလို့ ပိုးတွေ့တော့ အခု Q ဝင်နေရတာ။” ဟု KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကိုပြောသည်။

အဆိုပါ SARS-CoV-2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4 BA.5) သံသယလူနာသည် ဇွန်လိုင်လ ၉ ရက်နေ့က မြစ်ကြီးနားမှ လိုင်ဇာသို့ ဝင်ရောက်လာသူဖြစ်ကာ လက်ရှိချိန်တွင် သီးခြားစောင့်ကြည့်လူနာ အဖြစ်ထားရှိသည်။

လက်ရှိ Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4 BA.5) Positive လူနာနှင့် ဆက်စပ်သူများကို Home Care အနေဖြင့် ၇ ရက်ထား စောင့်ကြည့်ပြီးနောက် ထပ်မံ ဆေးစစ်ရာတွင် Negative ဖြစ်သူများကို ပြန်ခွင့်ပြုကြောင်း ၎င်းက ဆက်ဆိုသည်။

“ဆက်စပ်လူနာတွေကို Home Q အနေနဲ့ ၇ ရက် ထား တယ်။ ပိုးတွေ့လူနာကိုလည်း သပ်သပ် ၇ ရက်စောင့်ကြည့်ပြီး ဆေးထပ်စစ်လို့ ပိုးမရှိတော့ရင်တော့ ပြန်လို့ရပြီ။ ခုဖြစ်တဲ့သူက မြစ်ကြီးနားမှာနေတုံးက ချောင်းဆိုးတာလောက်ပဲဖြစ်တာ။ အရင်က ကိုဗစ်လည်းမဖြစ်ဖူးဘူး။ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်တော့ ထိုးထားပြီ။” ဟု KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က ပြောပါသည်။

လက်ရှိ လိုင်ဇာမြို့တွင် SARS-CoV-2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4 BA.5) ကူးစက်ခံမှု ထိမ်းချုပ်နိုင်ရန် လူစုလူဝေး အဖြစ်များသည့် ဈေးသည်များ ၊ဆေးရုံမှ ဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများကို ကိုဗစ်ရောဂါပိုး ရှိမရှိ ပုံမှန်စစ်ဆေးလျက်ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂ ခုနှစ် ဇွန်လိုင်လ ၁၂ ရက်နေ့ထိ တကျော့ပြန် SARS-CoV-2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4 BA.5) ရောဂါအတည်ပြုလူနာ စုစုပေါင်း ၆ ဦး ရှိပြီဖြစ်ပြီး ထိုသူများသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button